
ဩဂုတ်လ ၉ ရက်၊ ၂၀၂၄ ၊ မိုင်းလား
ရှမ်းပြည်အရှေ့ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ရဲ့ ဥက္ကဌဖြစ်သူ ဦးစိုင်းလင်းဟာ ဩဂုတ်လ ၇ ရက်နေ့မှာ ည ၁၀ နာရီမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
အသက် ၇၆ နှစ်အရွယ် ဦးစိုင်းလင်းဟာ မိုင်းလားမြို့က နေအိမ်မှာပဲကွယ်လွန်သွားတာဖြစ်တယ်လို့ စျပနာစီမံရေးကော်မတီက ဒီနေ့ နေ့လည်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။
“ အဲ့ဒီသတင်းကိုတော့ကြားတယ် ၊ အခုက မိုင်းလားမှာက တင်းကြပ်ကြပ်နဲ့ပဲ ၊ သူသေသွားတာနဲ့ ပတ်သက်ပြီးတော့ ထူးထူးခြားခြားမတွေ့ရသေးဘူး ။ သူနေတဲ့ တိုက်သုံးလုံးမှာလည်း ဘာမှတော့မမြင်ရသေးဘူးလို့”လို့ မိုင်းလားမြို့အတွင်းနေထိုင်သူ တစ်ဦးက ပြောပါတယ်။
သူ့ရဲ စျာပန အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်နေ့မှာ မိုင်းလာမြို့မှာပြုလုပ်သွားမှာဖြစ်ပြီး ဩဂုတ်လ ၁၀ ရက်နေ့စလို့ ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့စတင်မှာဖြစ်ကာ မိုင်းလားမြို့သို့ ဝင်ထွက်သွားလာမှု ကန့်သတ်ချက်ချမှတ်သွား မယ်လို့ NDAA က ကြေညာပါတယ်။
ဦးစိုင်းလင်းဟာ ကိုးကန့်တပ်မတော် MNDAA ရဲ့ ယခင်က ဥက္ကဌ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖုန်ကြားရှင်ရဲ့ သားမက်ဖြစ်ပါတယ်။
အထူးဒေသ ၄ လို့ လူသိများတဲ့ မိုင်းလားဒေသမှာ ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီဆီကနေ ခွဲထွက်အပြီးအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် NDAA ကို ဦးစိုင်းလင်းက တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ဦးစိုင်းလင်းဟာ ဗကပ ၈၁၅ စစ်ဒေသရဲ့ တပ်မှူးတစ်ဦးဖြစ် တာဝန်ယူခဲ့တဲ့ ရှမ်းတိုင်းရင်းသားတစ်ဦးလည်းဖြစ်ပါတယ်။
NDAA ကို တည်ထောင်ပြီးနောက်ပိုင်းမှာ စစ်တပ်နဲ့ ငြိမ်းချမ်းရေးရယူထားပြီး အထူးဒေသ ၄ အဖြစ် စစ်တပ်က သတ်မှတ်ပေးခဲ့ရာ လက်ရှိအချိန်မှာ အပစ်ခတ်ရပ်စဲတာ ၃၅ နှစ်အထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။