NUG က စစ်တိုင်း ၁၀  ခုဖွဲ့စည်းကာ စစ်တပ်ကို အပြီးသတ်အနိုင်ယူမယ်လို့ဆို 

ဩဂုတ် ၂၉ ၊ ရန်ကုန်

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တိုင်းစစ်ဌာန ၁၀ ခုဖွဲ့စည်းထားပြီး စစ်တပ်ကို အပြီးသတ်အနိုင်ယူသွားမယ်လို့ ဩဂုတ်လ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ပြုလုပ်တဲ့ ဒုစစ်ဦးစီးချုပ်် ၊ စစ်ဒေသမှူး ၊ တပ်မှူး နဲ့ တိုင်းစစ်ဌာန ၁၀ မှ တိုင်းကွက်ကဲရေးမှူးများ ၊ အကြီးတန်းအရာရှိများပါဝင်တဲ့ တပ်မှူးကြီးများအစည်းအဝေးတစ်ရပ်ကို ပြုလုပ်မှုအပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

စစ်ရေးအောင်ပွဲတွေ ဆက်လက်ရရှိနေစေရေး ၊ PDF တွေကို အမိန့်ပေးကွက်ကဲမှု၊ ကျင့်ဝတ်လိုက်နာတဲ့ တပ်မတော် တည်ဆောက်ရေးနဲ့ စစ်တပ်ကို အပြီးသတ်အနိုင်ယူရေး စတဲ့အချက်သုံးခုကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  

NUG က ဖွဲ့စည်းထားတဲ့ စစ်တိုင်း ၁၀ တိုင်းက ၁) စစ်ကိုင်းတိုင်းစစ်ဌာန ၊ (၂) မန္တလေးတိုင်းစစ်ဌာန ၊ (၃) မကွေးတိုင်းစစ်ဌာန ၊ (၄) ရှမ်းတောင်-ကယား(ကရင်နီ) တိုင်းစစ်ဌာန၊ (၅) နေပြည်တော်တိုင်းစစ်ဌာန ၊ (၆) ပဲခူးတိုင်းစစ်ဌာန၊ (၇) ရန်ကုန်တိုင်းစစ်ဌာန၊ (၈) ဧရာဝတီတိုင်းစစ်ဌာန ၊ (၉) ‌‌‌‌‌‌‌‌‌‌‌‌‌‌‌တနင်္သာရီတိုင်းစစ်ဌာန ၊ (၁၀) အထူးတိုင်းစစ်ဌာန တို့ဖြစ်ပါတယ်။ 

အထူးတိုင်း စစ်ဌာန ဖွဲ့စည်းကြောင်းကိုတော့  ဩဂုတ်လ ၂၆ ရက်နေ့မှ ကြေညာခဲ့ပြီး အမှတ်(၁) စစ်ဆင်ရေးနယ်မြေထဲက တပ်ရင်း၊ ဗျူဟာတွေကို စနစ်တကျပြန်လည်ဖွဲ့စည်းပြီး တာဝန်ပေးလိုက်တာလို့ ဆိုပါတယ်။ 

အထူးတိုင်းစစ်ဌာနအနေဖြင့် စစ်ဆင်ရေးအရှိန်အဟုန်မြင့် လုပ်ဆောင်သွားမှာဖြစ်သလို တိုင်းစစ်ဌာနအောက်မှာရှိတဲ့ နည်းဗျူဟာများ ၊ တပ်ရင်းများ၊ ပကဖ တပ်များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေနဲ့အတူ မဟာမိတ် EROs ၊ LPDF တို့နဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ MOD က ကြေညာပါတယ်။

NUG ရဲ့ အချက်အလက်များအရ တိုင်းနှင့်ပြည်နယ် ၁၁ ခု၊ ခရိုင် ၅၂ ခုရှိ မြို့နယ် ၂၅၀ ကျော်တွင် ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ)  တွေကိုဖွဲ့စည်းထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *