ဇန်နဝါရီ ၁ ၊ ချင်းမိုင်
NUG က ခေါင်းဆောင်နေရာတွေကို တာဝန်ထမ်းဆောင်နိုင်တဲ့ မည်သူမဆိုကို လွှဲပြောင်းနေရာပေးဖို့ အသင့်ရှိနေတယ်လို့ မနေ့က ၂၀၂၅ခုနှစ်အစ ဇန်နဝါရီလ(၁)ရက်နေ့မှာ NUG ယာယီသမ္မတ ဒူဝါလရှိးလက ပြောဆိုလာပါတယ်။
“ ကျွန်တော်တို့ဟာ ရာထူး၊ထိုင်ခုံနေရာတွေကို ဖက်တွယ်နေတာမဟုတ်သလို မိမိတို့ရဲ့အခန်းကဏ္ဍတွေကိုလည်း တိုးချဲ့နေတာမဟုတ်ပါဘူး ဒါကြောင့်ကျွန်တော်တို့ အစိုးရအဖွဲ့ထဲမှာ ယခုတည်ဆဲအခြေအနေထက် ပိုမိုကျယ်ပြန့်စွာဦးဆောင်မယ့်သူတွေကို လိုအပ်နေပါတယ် အကယ်၍တည်ဆဲရာထူးနေရာတွေမှာ အစားထိုးတာဝန်ယူနိုင်သူတွေရှိရင်လည်း ကျွန်တော်တို့ကပုခုံးထမ်းလွှဲပြောင်းပေးဖို့ အမြဲအသင့်ရှိနေပါတယ်” လို့ နှစ်သစ်မိန့်ခွန်းထဲမှာ အခုလိုထည့်သွင်းပြောကြားထားတာပါ။
မကြာသေးမီ နိုဝင်ဘာလက ပြောဆိုထားတဲ့ ပြည်ပရောက်ရှိနေတဲ့ NUG ခေါင်းဆောင်တွေကို မြန်မာပြည်တွင်းမှာ လာရောက်စုအင်အားစည်းကြနိုင်ဖို့ လုပ်ငန်းစဉ်တွေကိုလည်း ဆက်လက်အကောင်အထည်ဖော်နေပြီး မဟာမိတ်ကဏ္ဍတွေကို ပိုမိုအားစိုက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ယခုတော်လှန်ရေးလုပ်ဆောင်ချက်တွေဟာ ခေါင်းဆောင်မှုနဲ့ မြေပြင်အကောင်အထည်ဖော်ဆောင်မှုက ဝေးကွာနေလို့မရတာကြောင့် ပြည်တွင်းမှာရှိသင့်သော ဝန်ကြီးဌာနတွေနဲ့ နိုင်ငံတကာဆက်ဆံရေးအတွက် ပြည်ပမှာရှိသင့်တဲ့ ဝန်ကြီးဌာနတွေကို ဒီနှစ်မှာ အသီးသီးစီမံထားရှိသွားမယ်လို့ ပါရှိပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေဆီကနေ ဝေဖန်မှုတွေမြင့်တက်လာပြီးနောက် အဝေးရောက်နေတဲ့ ဝန်ကြီးတွေနဲ့ ပြုပြင်ပြောင်းလဲရေးပြုလုပ်မယ့်အကြောင်း နိုဝင်ဘာလစလို့ ထုတ်ပြောလာခဲ့တာလည်းဖြစ်ပါတယ်။
လာမယ့် ၂၀၂၅ ခုနှစ် ဧပြီလမှာ NUG ရဲ့တည်ထောင်မှုက (၄)နှစ်တင်းတင်းပြည့်မှာဖြစ်ပြီး ဒီအစိုးရအဖွဲ့ထဲမှာ အကြီးအကဲများအဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့အပြင် နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထည့်သွင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။
NUG ကို ဝန်ကြီးဌာန ၁၆ ခု သမ္မတ ၊ ဒုသမ္မတ ၊ ဝန်ကြီးချုပ် ၊ ဝန်ကြီး နဲ့ ဒုဝန်ကြီး စုစုပေါင်း ၃၄ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။