RCSS  ဦးဆောင်ထားတဲ့ ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံရေးဆွဲနိုင်ရေး အခြေခံ အခွင့်အရေး (၃၈)​ရပ်က ဘာတွေလဲ 

ဖေဖော်ဝါရီ ၁၃၊ လွိုင်တိုင်းလျန်း

ဖေဖော်ဝါရီလအစမှာဘဲ သျှမ်းပြည်အမျိုးသားညီလာခံတစ်ရပ်ကို  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) က ဦးဆောင်ပြုလုပ်ခဲ့ပြီး  ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက်အခြေခံမူတွေကို အတည်ပြုနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

သျှမ်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ဖို့အတွက် အခြေခံမူ (၃၃) ချက် နဲ့ အခြေခံအခွင့်အရေး (၃၈) ချက်ကို အတည်ပြုနိုင်ခဲ့ကြောင်းဆိုပါတယ်။ 

 အခြေခံအခွင့်အရေး (၃၈) ချက်ထဲမှာ  တစ်ဦးချင်းအခွင့်အရေး ၊ ပြည်နယ်သားနဲ့ နိုင်ငံရေးဆိုင်ရာအခွင့်အရေးဆိုပြီး ပါဝင်ပါတယ်။ 

အခွင့်အရေးကဏ္ဍမှာ တစ်ဦးချင်းဆိုင်ရာလွတ်လပ်ခွင့်တွေကို ဘယ်အခြေအနေမျိုးမှာမဆို ဆိုင်းငံ့၊ရုပ်သိမ်းခွင့်မရှိစေရဘူးလို့ဆိုထားပါတယ်။ 

တစ်ဦးချင်းအခွင့်အရေးထဲမှာ အသက်ရှင်ရပ်တည်ခွင့်၊ လူမျိုး၊ဇာတိ ၊ဘာသာ ၊အဆင့်အတန်း၊အယူအဆ စတဲ့ ကွဲပြားမှုတွေကို အခြေမခံပဲ ဥပဒေအတိုင်း တန်းတူခွင့်၊ အသိအမှတ်ပြုပိုင်ခွင့် ၊ လွတ်လပ်စွာတွေးခေါ်ခွင့် တွေပါဝင်ပါတယ်။ 

ပြည်နယ်သားတွေကိုလည်း သတ်မှတ်ကာလအတွင်း အစဉ်တစိုက်နေထိုင်သူ ၊ ပြည်နယ်သားမိဘတွေက မွေးဖွားလာသူတွေကို ပြည်နယ်သားအဖြစ် သတ်မှတ်တယ်လို့ဆိုပါတယ်။ 

ပြည်နယ်သားဖြစ်ခွင့်ကိုလည်း လျှောက်ထားလို့ရပြီး မြန်မာနိုင်ငံရဲ့တခြားဒေသအပြင် ၊ ထိုင်းနိုင်ငံ သို့ ပြောင်းရွေ့ရှောင်တိမ်းနေထိုင်သွားခဲ့သူတွေအတွက်ပါ လွှမ်းခြုံမှုရှိစေရမယ်လို့ဆိုပါတယ်။ 

နိုင်ငံရေးအခွင့်အရေးတွေအနေနဲ့လည်း နိုင်ငံရေးကိစ္စရပ်တွေမှာပါဝင်လှုပ်ရှားခွင့်၊  အသင်းအဖွဲ့ထူထောင်ခွင့်တွေကို လွတ်လွတ်လပ်လပ်လုပ်ဆောင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေကိုလည်း အချက် (၂၃) ချက်နဲ့ ဖော်ပြပြီး  အလုပ်လုပ်ခွင့်ကစလို့  သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေးတွေကို ကာကွယ်ပေးထားတာလို့ ဖော်ပြထားပါတယ်။ 

ဒီလိုအခွင့်အရေးတွေပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ဖြစ်ပေါ်လာဖို့အတွက်  သျှမ်းပြည်ဖက်ဒရယ်ရေးရာဦးဆောင်အဖွဲ့ကို ဖွဲ့စည်းထားတာလို့ (RCSS) က ကြေညာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *