သြဂုတ် ၃၁ ၊ ဗန်းမောက်
ရှမ်းနီအမျိုးသားများတပ်မတော် SNA ယာယီနေထိုင်ရာနေရာများကို KIA +PDF ယနေ့နံနက်ပိုင်းမှာ ထပ်မံ၍ လာရောက်တိုက်ခိုက်လာနေကြောင်း SNA ပြောခွင့်ရ ပုဂ္ဂိုလ်က အတည်ပြုပြောကြားသည် ။
” ဟုမ္မလင်းမြို့နယ် နတ်နန်းကျေးရွာအနီးမှာနေတဲ့ ယာယီစခန်းကုန်းကို မနက် ၄ နာရီလောက်မှာ လာပစ်တယ် ။ လက်နက်ကြီးနဲ့လာပစ်တော့ ကျွန်တော်တို့ဘက်က ပြန်ပစ်တော့ ဆုတ်သွားလို့ ရှင်းလင်းရေးတွေလုပ်နေတယ် ။ ပြီးတော့ ဒီမနက် ၁၀ နာရီလောက်မှာ ဗန်းမောက် အနောက်ပိုင်းဒေသက အရှေ့ကုန်းရွာကို လက်နက်ကြီးတွေနဲ့လာပစ်တယ် ။ မိနစ်ငါးဆယ်လောက်ကြာတယ် ။ ဒီဘက်ကတော့ အထိအခိုက်မရှိဘူး ။ ပြီးတော့ သူတို့ဘက်က ပြန်ဆုတ်သွားတယ် ။ ” ဟု ၎င်းကပြောကြားသည်။
တိုက်ပွဲသည် ညနေပိုင်းတွင် ပြန်လည်ဖြစ်ပွားနေပြီး ဗန်းမောက်မြို့နယ် အရှေ့ကုန်းကျေးရွာကို KIA+PDF အဖွဲ့က စစ်ကြောင်း ၃ ကြောင်း ခန့်မှန်းအင်အား ၃၀၀ ကျော်ခန့်ဖြင့် ပြန်လည်ထိုးစစ်ဆင်လာနေကြောင်းလည်း ထပ်မံသိရှိရသည် ။
” သူတို့အဖွဲ့ထဲမှာ အရပ်ဝတ်တွေလည်းပါသလို တစ်ဖက်က KIA တံဆိပ် တစ်ဖက်က PDF တံဆိပ်တွေနဲ့ နှစ်ဖက်စလုံး KIA ဘက်တံဆိပ်ပါတာတွေလည်းပါတယ် ။ KIA အရာရှိက မံလောင် သရက်ကုန်း တာဝါတိုင်ကနေ ကွပ်ကဲနေတယ်။”ဟု ဗန်းမောက်ဒေသ SNA အရာရှိတစ်ဦးက ပြောကြားသည် ။
သြဂုတ်လ ၂၀ ရက်နေ့တွင် KIA +PDF အဖွဲ့က နမ့်သောင်ကျေးရွာ အနီးရှိ SNA ကင်းစခန်း တစ်ခုကို လာရောက်တိုက်ခိုက်ပြီးနောက် သြဂုတ်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် အရှေ့ကုန်း ၊ အနောက်ကုန်း ၊ ကူးဆိပ်ကျေးရွာနှင့် သရက်ကုန်းကျေးရွာတို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နှစ်ဖက် အကျအဆုံးများလည်း ရှိခဲ့ကြောင်းသိရသည် ။
SNA စခန်းများအား လာရောက်တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ NUG အနေဖြင့် ထိန်းသိမ်းသင့်ကြောင်း SNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ပြောကြားသည် ။
” တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင်ကို သွားနေကြတဲ့ အဖွဲ့အစည်းချင်း တိုက်ခိုက်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စတွေ ။ အဲ့ဒီတော့ သူတို့တပ်တွေကို NUG အနေနဲ့ ပြန်ထိန်းနိူင်ရင်ကောင်းမယ် ။ အဓိကတော့ KIA အနေနဲ့ မြှောက်ပေးပြီးတော့မှ တိုက်ခိုက်နေတဲ့ ကိစ္စတွေပဲ ဖြစ်တယ် ။ ရှင်းရှင်းပြောရရင် KIA က အသုံးချနေတာပဲ ။ အဲ့ဒီတော့ PDF တွေက အသုံးချခံ ဖြစ်နေတယ် ။ ” ဟု ၎င်းကပြောကြားသည်။
ထို့ပြင် KIA အနေဖြင့် ရှမ်းနီလူမျိုးများနေထိုင်ရာဒေသများတွင် စီးပွားရေးအရရော နိူင်ငံရေးအရပါ လွှမ်းမိုးလိုသဖြင့် လူထုကိုအကာအကွယ်ယူပြီး စစ်ရေးဖော်ဆောင်နေသည်ဟု ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ဆိုသည်။