ဇူလိူင်လ ၂၂ ရက်နေ့က HPDF 124 က SNA တပ်မဟာ (၇၅၃) ၏ စစ်ကြောင်းတစ်ခုကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည် ။ မိုင်းဆွဲတိုက်ခိုက်ခဲ့သော HPDF124 တပ်သည် လက်နက်ကိုင်တော်လှန်မှု အစဦးကာလများက SNA တပ်မဟာ ၇၅၃ နယ်ထဲတွင် အတူယှဥ်တွဲနေထိုင်ခဲ့ကြရာမှ ခွဲထွက်ပြီးနောက် ယခုကဲ့သို့ ပဋိပက္ခ အခြေအနေမျိုးဖြစ်လာခဲ့ခြင်းဖြစ်သည်။ ထိုအခြေအနေအား သိရှိနိူင်ရန် SNA တပ်မဟာ (၇၅၃) တပ်မဟာမှူး ဗိုလ်မှူးကြီး စိုင်းထူး နှင့် ဆက်သွယ်မေးမြန်းထားသည်များကိုဖော်ပြလိုက်ပါသည်။
မေး။ လက်ရှိနမ့်နမ်းဘက်မှာ PDF တွေနဲ့ အခြေအနေ တင်းမာနေတယ်လို့သိရတယ် ဘယ်လိုအခြေနေ ရှိလည်းဗျ။ ဘယ်လိုဖြစ်တာလဲ ။
ဖြေ။နမ့်နမ်းဖက်ကအခြေအနေကိုပြောရမယ်ဆိုရင် ဒီလ၂၂ရက်နေ့ကကျနော်တို့တပ်မဟာ(၇၅၃)က စစ်ကြောင်းတစ်ကြောင်း ဟာ အမြဲလုပ်ရိုးလုပ်စဉ် လုပ်နေကျအတိုင်း ကိုယ့်နယ်မြေထဲကင်းလှည့်တဲ့သဘောပါဘဲ။ အဲ့ဒီမှာ HPDF က စိုင်းခမ်းနောင်ဦးဆောင်တဲ့အဖွဲ့လို့ယူဆရတဲ့အဖွဲ့အင်အား(၅၀)ဝန်းကျင်ခန့်က ကျနော်တို့နမ့်နစ်(ၼမ့်ၼိပ်း/ၼမ့်လိပ်း)ချောင်းအကျော် ကားလမ်းအကွေ့နားမှာ မိုင်းဆွဲပြီးစတင်ပစ်ခတ်တိုက်ခိုက်တာခဲ့တာပါ။အဲ့ဒီမှ ကျနော်တို့ခလေးတွေ Ambush မိသလိုဖြစ်သွားတာပေါ့ဗျာ။ ဒါကြောင့် ထိတွေ့မှုဖြစ်စဉ်အပြီးမှာ ( ၄ )ယောက်ကျ (၂)ယောက်ဒဏ်ရာရတယ်ခင်ဗျ။ ဒဏ်ရာရ(၂)ယောက်ကတော့ စိုးရိမ်စရာမရှိပါဘူးအသေးစားဒဏ်ရာမျိုးပါ။ဟိုတစ်ဖက်ကတော့ (၈)ယောက်ကျတယ်လို့ သူတို့ထဲကနေ ပြန်သိရပါတယ်ခင်ဗျ။
မေး။ အရင်က PDF တွေကို ဗိုလ်မှူး ကြီးတို့တပ်မဟာ ၇၅၃ နယ်မြေမှာ လက်ခံထားဘူးတယ်လို့လည်း သိထားတော့ ဘယ်လိုဖြစ်ပြီး ပြဿနာတွေ ဖြစ်လာတယ်ဆိုတာ ရှင်းပြပေးလို့ရမလား။
ဖြေ။ အရင်က PDF တွေကို SNA ရဲ့ အမှတ်(၇၅၃) တပ်မဟာနယ်မြေထဲမှာလက်ခံထားခဲ့ဘူးပါတယ်။လက်ခံတယ်ဆိုတာထက်တောင်ပိုပါသေးတယ်ခင်ဗျ။ ကျနော်တို့နဲ့အတူတူနေထိုင်ခွင့်အထိကျနော်တို့လိုက်လျောခဲ့တာပါ။ ဘာကြောင့်လိုက်လျောခဲ့ရသလဲဆိုတော့ တပ်မတော်ကနိုင်ငံတော်အာဏာကိုရယူလိုက်တဲ့အချိန်မှာကျနော်တို့နိုင်ငံတစ်ဝှမ်းလုံး ဝန်ထမ်းတွေရော အရပ်သားတွေရောလက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်လာကြတာဆရာတို့လည်းသိပြီးသားပါခင်ဗျ။ အဲ့လိုအနေအထားမှာ ကျနော်တို့ဒေသတွင်းမှာရှိတဲ့လူငယ်အချို့ကလည်းလက်နက်ကိုင်လမ်းစဉ်ကိုဖေါ်ဆောင်ဖို့ ကြိုးစားနေကြတာကိုသိနေမြင်နေကြားနေရတာပေါ့ဗျာ။ဒီတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျနော်တို့စစ်ဦးစီးချုပ်စဝ့်ခွန်ကျော်(စဝ့်အောင်သိန်း)နဲ့ ဒီကိစ္စကိုဆွေးနွေးကြတယ်ဗျ။တောခိုမယ့်ခလေးတွေတော့ သေချာပေါက်ရောက်လာလိမ့်မယ်။ဒါကိုလက်ခံသင့်မခံသင့် ဆွေးနွေးကြတာပါ။နောက်ဆုံး အကြောင်းအချက်( ၃ )ချက်နဲ့ တောခိုလူငယ်တွေကိုလက်ခံဘို့ဆုံးဖြတ်ခဲ့ကြတယ်ဗျ။ပထမအချက်က စိတ်ဓာတ်ပြင်းထန်နေတဲ့လူငယ်တွေအနေနဲ့ ကျနော်တို့လက်မခံရင်လည်း KIA ဆီမလွဲမသွေ သွားကြလိမ့်မယ်။ KIA ဆီရောက်သွားရင် စိတ်ဓာတ်ပြင်းထန်တက်ကြွနေတဲ့လူငယ်တွေကိုသင်တန်းပြီးတာနဲ့ ကျနော်တို့SNAနယ်မြေထဲကိုထိုးဝင်ခိုင်းပြီး ကျနော်တို့အချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီး ပဋိပက္ခတွေကြီးမားအောင်ဖန်တီးလာလိမ့်မယ်။ဒါကြောင့်ကျနော်တို့ဒေသတွင်းကလူငယ်လေးတွေကို KIA လက်ထဲမရောက်စေရေးအတွက် လက်ခံဘို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ နောက်တစ်ချက်ကတော့ ကျနော်တို့ဒေသတွင်းကလူငယ်လေးတွေ အနေနဲ့ လုပ်စားနိုင်ငံရေးသမားတွေ လုပ်စားဒီမိုကရေစီသမားတွေရဲ့အသုံးချခံသက်သက်နဲ့အပြစ်မဲ့တဲ့ဘဝလေးတွေမပျက်စေဘို့ ငါတို့ထိန်းလို့ရသလောက်ထိန်းထားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လက်ခံခဲ့တာပါ။
နောက်နံပါတ်(၃)အချက်က လူငယ်တွေလက်ထဲလက်နက်ခဲယမ်းတွေရောက်လာတဲ့အခါမှာစိတ်ထင်တိုင်းလက်လွတ်စပယ်မလုပ်မိစေဘို့ဆိုတဲ့ရည်ရွယ်ချက်သုံးသပ်ချက်တွေနဲ့ ဒေသတွင်းလူငယ်တွေကိုလက်ခံခဲ့တာပါ။ ကျန်တဲ့ နာမည်ကောင်းရချင်လို့ နိုင်ငံရေးအမြတ်ထုတ်ချင်လို့ဆိုတဲ့စိတ်မျိုးလုံးဝမရှိခဲ့ပါဘူးခင်ဗျ။ကိုယ့်ဒေသတွင်းကလူငယ်တွေ သူများလက်ထဲဒုက္ခမရောက်ကြပါစေနဲ့ဆိုတဲ့ဆန္ဒတစ်ခုနဲ့လက်ခံခဲ့ကြတာပါ။ကျနော်တို့စစ်ဦးစီးချုပ် စဝ့်ခွန်ကျော်(စဝ့်အောင်သိန်း)တို့ကိုယ်တိုင် ဒီလိုတော်လှန်ရေးခရီးကိုဖြတ်သန်းခဲ့ဘူးတော့ ဖြစ်လာနိုင်တဲ့အနေအထားတွေကိုပိုပြီးသုံးသပ်နိုင်တာပေါ့ဗျာ။
PDF အဖွဲ့တွေကျနော်တို့နဲ့လမ်းခွဲသွားတဲ့အကြောင်းအရင်းကိုဆက်ပြီးပြောပြပါ့မယ်ခင်ဗျ။
အစမှာဒေသခံ PDF လူငယ်အဖွဲ့နဲ့ကျနော်တို့အဖွဲ့ ညီလိုအစ်ကိုလိုဘဲအတူနေခဲ့ကြတယ်။တစ်ကယ်လည်းကျနော်တို့ရှမ်းနီဒေသထဲမှာမွေးဖွားကြီးပြင်းလာကြတဲ့ တစ်အူတုံဆင်းညီအစ်ကိုမောင်နှမအရင်းတွေလို့တောင်ပြောလို့ရပါတယ်ခင်ဗျ။ ဒီလိုဘဲနေကြရင်းနဲ့ကျနော်တို့SNAရဲ့စစ်ဦးစီးချုပ်အကြောင်းအရာတစ်ခုကြောင့်ကွယ်လွန်ပြီးတဲ့နောက်မကြာမတင်မှာ PDF အဖွဲ့ထဲကကျနော်တို့လက်အောက်မှာမနေလိုဘူးဆိုတဲ့အသံထွက်လာခဲ့တယ်ဗျ။ အဲ့လိုအသံထွက်လာတော့ ကျနော်တို့လည်းသတိထားစောင့်ကြည့်ရတာပေါ့ဗျာ။ ကိုယ့်ဖက်ကချွတ်ယွင်းချက်တစ်ခုခုများရှိနေလို့လား ဘာလားညာလား အမျိုးမျိုးစဉ်းစားသုံးသပ်ရတာပေါ့ဗျာ။
ဘယ်အဖွဲ့အစည်းမှမိမိတို့နယ်မြေထဲမှာတစ်ခြားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကိုခြေချခွင့်မပေးကြပါဘူး။ ဒါကိုPDFလူငယ်တွေသိထားသဘောပေါက်ထားဘို့လိုပါတယ်။ကချင်ပြည်နယ်ထဲကြည့်လိုက်ပါPDFတွေရဲ့ဆရာကြီးKIAကိုယ်တိုင်သူ့နယ်မြေထဲမှာPDFတွေကိုဘာလုပ်ပိုင်ခွင့်မှမပေးထားပါဘူး။ KIAရဲ့စီမံခန့်ခွဲမှုအောက်ကဘဲသွားရပါတယ်။ဒီလိုအနေအထားမျိုးမှာဒေသခံPDFတွေအနေနဲ့ကျနော်တို့လက်အောက်မှာမနေနိုင်ဘူးဆိုတော့စဉ်းစားစရာပေါ့လေ။ သူတို့ကစိတ်ရှိတိုင်း တိုက်ချင်ခိုက်ချင်တယ်။စည်းလွတ်ဝါးလွတ်သတ်ဖြတ်ချင်တယ်။ ဒါတွေကိုကျနော်တို့SNAကခွင့်မပြုဘူး။ ခွင့်မပြုတော့သူတို့လုပ်ချင်တိုင်းလုပ်နိုင်အောင်SNAအောက်မှာမနေဘူးသီးခြားရပ်တည်မယ်။အဲ့လိုဖြစ်လာတာပေါ့ဗျာ။ ကျနော်တို့ထိန်းထားတယ်ဆိုတာက ကျနော်တို့ရှမ်းနီဒေသကို အောက်ပြည်အောက်ရွာ ကနီ မင်းကင်းတို့လို စစ်မီးတွေဟုန်းဟုန်းတောက်ပြီးဒေသခံရှမ်းနီလူမျိုးတွေ စစ်ဘေးစစ်ဒဏ်သင့်ပြီး ဆင်းရဲဒုက္ခရောက်ကြမှာကြိုမြင်လို့ထိန်းထားရခြင်းပါ။သူတို့ကကျနော်တို့အောက်မနေနိုင်ဘူးဆိုတော့ ကျနော်တို့စစ်ဦးစီးချုပ်အသစ်ကခေါ်ပြီးညှိနိူင်းပါတယ်။ ဒါပေမယ့်မရဘူး။ သူတို့ဖာသာရပ်တည်မယ်ဆိုပြီးပြင်ဆင်လုပ်ဆောင်လာတယ်။ ကျနော်တို့ဘာမှမပြောပါဘူး။ဒီအတိုင်းဘဲကြည့်နေလိုက်တယ်။ ကျနော်တို့နဲ့ကင်းကွာသွားချိန်ကစပြီး လက်လွတ်စပယ်သတ်ဖြတ်တာတွေ ဘုန်းကြီးရဟန်းတွေကိုစော်ကားတာတွေလုပ်လာတော့တာဘဲ။ နောက်ပိုင်းဘယ်လောက်ထိလုပ်လာသလဲဆိုရင် အိုက်တူးခေါ်ညိမ်းချမ်းခေါင်းဆောင်တဲ့အဖွဲ့က ကျနော့ရဲဘော်တွေရဲ့သေနတ်တွေကိုသိမ်းတယ် ။ သူတို့ကိုအကြောင်းကြားပြီးမှသွားရမယ်ဆိုတာမျိုးအထိလုပ်လာတယ်။ တစ်ခါနှစ်ခါ ကျနော်သည်းခံခဲ့ပါတယ်။နောက်ပိုင်းလွန်လွန်းလာတော့ မထူးဘူးဆိုပြီးပြန်တုန့်ပြန်ဘို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီမှာထိတွေ့မှုစဖြစ်တာဘဲ။မကျေလည်မှုတွေကအဲ့ဒီလိုစလာတာဘဲဗျ။ ပြောရရင်ရှည်ပါတယ်ဗျာ။ စကားလည်းသိပ်များများမပြောချင်ပါဘူး။
မေး။ဖြစ်တဲ့ပြဿနာတွေကို NUG ကိုတိုင်ကြားတာမျိုးရောမရှိဘူးလားခင်ဗျ။
ဖြေ။ ဖြစ်တဲ့ကိစ္စတွေ ပြဿနာတွေNUGကိုမတိုင်ကြားဘူးလားဆိုတော့ အင်း ဘယ်လိုပြောရမလဲ NUG ကိုယ်စားလှယ်ဆိုတဲ့ပုဂ္ဂိုလ်အချို့နဲ့တွေ့ဘူးပါတယ်။ပြဿနာဖြေရှင်းဘို့မပြောနဲ့ သူတို့တောင်ဘယ်နားနေလို့နေရမှန်းမသိဖြစ်နေတော့ သူတို့ကိုဘယ်လိုလုပ်အားကိုးမှာလဲဗျာ။ ပြောရရင်အများကြီးပါ။ တစ်ဖက်ကိုပုတ်ခတ်သလိုဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူးခင်ဗျ။
မေး။တပ်မဟာမှူးတစ်ယောက်အနေနဲ့လက်ရှိရင်ဆိုင်နေရတဲ့ PDF တွေရဲ့အပေါ်ဘာတွေပြောချင်လည်း။ သူတို့ရဲ့ နိူင်ငံရေး ရေချိန်ကိုရော ဘယ်လိုမြင်လဲ ။ဘယ်လိုအကြံပြုချင်လည်း။
ဖြေ။ PDF လူငယ်တွေကိုပြောချင်မှာချင်တာက ကိုယ့်ရှေ့မှာလုပ်သွားကြတဲ့ခေါင်းဆောင်တွေရဲ့အားနည်းချက် အားသာချက်တွေကိုသင်္ခန်းစာယူပါ။ ရှေ့ခေါင်းဆောင် တွေဘယ်နေရာမှာမှားခဲ့သလဲ သူတို့လိုမမှားအောင်ငါတို့ဘယ်လိုလုပ်မလဲဆိုတာမျိုးသူတို့လုပ်ဆောင်ချက် တွေထဲကဘယ်ဟာကိုတော့ငါတို့အတုယူကျင့်သုံးမလဲဆိုတာမျိုးတွေမြင်အောင်ကြည့်ပါ။ကျနော်တို့လည်းဒီလိုဘဲဖြတ်သန်းခဲ့တာဘဲ။ ကျနော်တို့ကိုဒီဟာဒီလိုလုပ်ဟိုစာဟိုလိုလုပ်ဆိုပြီးဘယ်သူမှလာမသင်ပေးခဲ့ဘူး။ နောက်ဆုံးပြောချင်တာက ဓမ္မနဲ့အဓမ္မ ဆိုတာကိုသေသေချာချာဂဃနဏကွဲကွဲပြားပြားရှင်းးရှင်းလင်းလင်းသိအောင်ကြိုးစားပြီးရှေ့ကိုချီတက်ကြပါလို့ဘဲမှာချင်ပါတယ်။
မေး။တပ်မဟာအနေနဲ့လက်ရှိအခြေအနေကိုဘယ်လိုဖြေရှင်းသွားဖို့စဥ်းစားထားလည်း။
ဖြေ။ ကျနော်တို့SNA မှာတပ်မဟာ(၄)ခုရှိပါတယ်။တပ်မဟာတွေရဲ့တပ်တွင်းမိသားစုပြဿနာဆိုရင်တော့ ကိုယ့်ဖာသာကြိုးစားဆုံးဖြတ်ဖြေရှင်းပါတယ်။ အခုပြဿနာက နိုင်ငံရေး စစ်ရေးနဲ့ပါတ်သက်နေတော့ အဲ့လိုပြဿနာမျိုးတွေကို ကျနော်တို့ဗဟိုကော်မတီဝင်တွေ စုပေါင်းဆွေးနွေးတိုင်ပင်ပြီးမှဘဲဆုံးဖြတ်ပါတယ်ခင်ဗျ။ကျနော်တစ်ဦးတည်းဆုံးဖြတ်လို့မရပါဘူးခင်ဗျ။
မေး။ဖြည့်စွပ်ပြောချင်တာရှိရင်ပြောကြားပေးပါ။
ဖြေ။ အင်း – ဘယ်လိုပြောရမလဲဆိုတော့ နောင်အနာဂါတ်မှာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသကို ဦးဆောင်ကြမယ့်လူငယ်တွေအနေနဲ့ မိမိတို့ယုံကြည်ရာလမ်းကြောင်းပေါ်မှာ မိမိတို့ကိုဦးဆောင်နေကြတဲ့ခေါင်းဆောင်တွေဟာ ဘယ်လိုခေါင်းဆောင်မျိုးတွေလဲ ရိုးသားဖြောင့်မှတ်စွာဦးဆောင်မှုပေးနေတဲ့ခေါင်းဆောင်ကောင်းတွေလား ဒါမှမဟုတ် မိမိတို့ကိုအသုံးချနင်းချေပြီး ကိုယ်ကျိုးရှာနေတဲ့ခေါင်းဆောင်အမည်ခံလူလိမ်တွေလားဆိုတာကို ကွဲကွဲပြားပြားပိုင်းခြားသိမြင်နိုင်အောင် ကြိုးစားကြပါလို့ဘဲပြောချင်ပါတယ်ခင်ဗျ။
ကျေးဇူးတင်ပါတယ် ။
စာလုံးပေါင်း တစ်ချို့ မှားယွင်းနေတာကို ပြင်ဆင်နိုင်ရင် ပိုကောင်းမွန်ပါလိမ့်မယ်လို့ အကြံပြုပါရစေ။