SSPP/SSA အတွက်လူသစ်စုပေးသူနှစ်ဦးကိုမတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့်ထောင်ဒဏ်ချမှတ်ခံရ

SSPP/SSA တပ်သားများကို တွေ့ရစဉ်

ဖေဖော်ဝါရီ ၂၂ ၊ မိုးညှင်း 

ဖားကန့်မြို့နယ်အတွင်းနေထိုင်တဲ့ လူငယ်နှစ်ဦးဟာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA.အတွက် လူသစ်စုဆောင်းပေးမှုကြောင့် ဖမ်းဆီးတရားစွဲဆိုထောင်ချခံလိုက်ရတယ်လို့ သိရပါတယ်။ 

နမ့်စပိန်းကျေးရွာနေ ဆေဟန်ဖ(ခေါ်) စိုးပြည့်လျှံ နှင့် ဟောင်ပါးကျေးရွာနေ  စိုင်းကျော်နိုင် (ခေါ်) ထွန်းထွန်းနိုင်တို့နှစ်ဦးဟာ SSPP/SSA မှာ သင်တန်းတက်ရောက်ခဲ့ပြီးနောက် လူသစ်စုဆောင်းမှုတွေပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

သူတို့နှစ်ဦးကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက   မန္တလေး မှ မိုးညှင်းဘက်ကသို့ပြန်စဉ် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းမှာဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း ၎င်းတို့မိသားစုနှင့် နီးစပ်သူများထံမှ သိရပါတယ်။ 

သူတို့နှစ်ဦးကို လူသစ်စုဆောင်းပေးခြင်း နှင့် မတရားအသင်းရဲ့ စီမံအုပ်ချုပ်မှုတွေမှာ ကူညီတဲ့အတွက် မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၂) နဲ့ တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ အင်းတော်မြို့နယ်က “စစ်ခုံရုံး” က သူတို့နှစ်ဦးကို  ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ်ချမှတ်ခံလိုက်ရတာလည်းဖြစ်ပါတယ်။ 

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တစ်ရက်တည်းမှာပဲ အင်းတော်မြို့နယ်အတွင်းနေထိုင်သူ (၅) ဦးကို PDF တပ်ဖွဲ့တွေထံ လက်နက်ခဲယမ်းသယ်ဆောင်ပေးမှု ၊ ငွေကြေးနှင့်ပစ္စည်းများထောက်ပံ့ပေးမှု ၊ ငွေကြေးကောက်ခံပေးမှုတွေကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် တစ်သက်ချမှတ် ခဲ့တယ်လို့ သိရပါတယ်။ 

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖြင့် တရားစွဲဆိုထောင်ဒဏ်ချမှတ်ခံထားရသူ ၃၇၆ ဦးအထိရှိနေပြီလို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *