TNLA နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးမှု ရလဒ်မထွက်

ဖေဖော်ဝါရီ ၁၉ ၊ ယူနန်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)​ နဲ့ စစ်ကောင်စီတို့ကြား ဆွေးနွေးပွဲဟာ ရလဒ်မထွက်ပဲ ပြီးဆုံးခဲ့တယ်လို့သိရပါတယ်။ 

TNLA ရဲ့ ဒီနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ်ပြန်ချက်အရ “ ဆွေးနွေးပွဲတွင် နှစ်ဖက်တောင်းဆိုတင်ပြမှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး၊ ဆွေးနွေးညှိနှိုင်းရန် ခက်ခဲသဖြင့် ၁၇ ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့” လို့ ထုတ်ပြန်လာခဲ့ပါတယ်။

ကနဦးသတင်းတွေအရ “တအာင်း(ပလောင်)ပြည်နယ်” သတ်မှတ်ပေးဖို့ TNLA ဘက်က တောင်းဆိုမှုတွေရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ 

တအာင်း(ပလောင်) ညီအစ်ကိုတောင်းတာလည်း အလွန်ကြီးလားလို့ပါ။ တိုင်းရင်းသား လူမျိုးစုတွေကြား ပြန်ပြီး ချကြရတော့မယ့်ပုံပဲ။  ဗမာ(စကစ) ကဘယ်ပေးနိုင်မလဲ ။သူ့မှာ ပေးနိုင်မယ့်အခွင့်အရေးမရှိဘူး။ သူတို့တောင်းဆိုလည်း ပေးနိုင်မယ့်ပုံမရှိဘူး” လို့ ရှမ်းမြောက်ရှိ လက်နက်ကိုင်များနှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။ 

တအာင်း(ပလောင်)ပြည်နယ် သတ်မှတ်ပေးဖို့အတွက် တောင်းဆိုတဲ့မြို့တွေထဲမှာ ၁၀၂၇ စစ်ဆင်ရေးနဲ့  TNLA သိမ်းပိုက်ထားတဲ့ မြို့တွေဖြစ်တဲ့  နမ့်ဆန် ၊  မန်တုံ ၊  နမ့်ခမ်း ၊ ကွတ်ခိုင် ၊ နမ့်တူ ၊ မိုးမိတ် ၊  မိုးကုတ်၊ . သီပေါ၊  ကျောက်မဲ ၊ နောင်ချို၊  မိုင်းလုံ ၊ . မိုင်းငေါ့  အပြင် စစ်ကောင်စီ နဲ့ ရှမ်းလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မိုင်းရယ်မြို့၊ မူဆယ်မြို့ ၊  “ဝ” တပ်နဲ့ စစ်ကောင်စီတို့ ထိန်းချုပ်ထားတဲ့ “တန့်ယန်းမြို့” ၊ KIA သိမ်းပိုက်ထားတဲ့ မဘိမ်းမြို့ တို့ပါဝင်ကြောင်း သိရပါတယ်။ 

အပြန်အလှန်တောင်းဆိုမှုတွေ ရလဒ်မထွက်ခဲ့ပေမယ့် အပစ်ခတ်ရပ်စဲရေးအတွက် အချက် (၃) ချက်ကို TNLA ဘက်ကဆွေးနွေးညှိနှိုင်းခဲ့ကြောင်း  ထုတ်ပြန်ခဲ့ပါတယ်။ 

(၁) နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ (၂) နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်းအစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်။ (၃) နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုဖို့တို့ ဖြစ်ပါတယ်။  

တအာင်း(ပလောင်) အမျိုးသားများလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတို့ကြား နောက်ထပ်တစ်ကြိမ် ထပ်မံတွေ့ဆုံသွားဖို့လည်း ဆက်ရှိနေတာဖြစ်ပါတယ်။ 

အခု တွေ့ဆုံဆွေးနွေးပွဲမှာ PSLF/TNLA  မှ ကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ ဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်တာဖြစ်ပြီး၊ မြန်မာကိုယ်စားလှယ်ဖက်မှ ကစထ(၁) မှူးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်ဆွေးနွေးကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *