
ဇွန် ၅ ၊ မန္တလေး
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသူတွေထဲမှ လူဦးရေတစ်သိန်းငါးသောင်းကို ယခုလဇွန်လမှာ ဒုတိယအကြိမ်ထပ်မံကူညီထောက်ပံ့ပေးမှုများ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ငလျင်ဖြစ်ပွားပြီး ပထမအကြိမ်ပဏာမအစီအစဉ်မှာ လူဦးရေးလေးသိန်းခန့်ကို အရေးပေါ်စားနပ်ရိက္ခာများ၊ ငွေကြေးနဲ့ အဟာရထောက်ပံ့မှုတွေကို ပေးအပ်ခဲ့ပြီးလည်းဖြစ်ပါတယ်။
ယခုအကြိမ်မှာ ငလျင်အပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ဥရောပသမဂ္ဂက ရန်ပုံငွေ ယူရို(၅)သန်းပေးအပ်ခဲ့တာလည်း ဖြစ်ပြီး စားနပ်ရိက္ခာများအပြင် မိခင်နဲ့ကလေးများအတွက် အထူးအဟာရအထောက်အပံ့များပါ ကူညီသွားမှာလို့ ဆိုထားပါတယ်။
အဆိုးရွားဆုံးထိခိုက်ပျက်စီးမှု များပြားခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့အပါအဝင် ကျန်မြို့နယ်များကိုပါ စိစစ်ထောက်ပံ့သွားမှာဖြစ်သလို ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပါ ထည့်သွင်းဆောင်ရွက်ပေးသွားမှာဟု သိရပါတယ်။
ပြည်တွင်းမှာ ငလျင်ကြောင့် သေဆုံးသူငါးထောင်နီးပါး၊ ထိခိုက်ဒဏ်ရာရရှိသူ လေးထောင်ခန့်နဲ့ ထိခိုက်ပျက်စီးတဲ့အဆောက်အဦးပေါင်း သုံးသောင်းကျော်ရှိခဲ့တယ်လို့ စစ်ကောင်စီစာရင်းတွေအရ သိရပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု နှစ်လကျော်ကြာမြင့်လာခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ ပျက်စီးနေတဲ့ အဆောက်အဦးတွေကို ရှင်းလင်းတာတွေလုပ်ဆောင်နေဆဲအခြေအနေဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်ခြင်းမရှိသေးကြောင်း သိရှိရပါတယ်။
