ဖားကန့်မြို့နယ် ပလောင်ရွာရှိ ကျောက်စိမ်းကုမ္ပဏီအနီးလေကြောင်းတိုက်ခိုက်ခံရ 

မေ ၈ ၊ ဖားကန့် 

ဖားကန့်မြို့နယ်အတွင်းက စစ်ရေးတင်းမာနေတဲ့ လုံးခင်းကျေးရွာ ၊​မှော်စီစာကျေးရွာအနီးမှာ ဒီနေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှု နှစ်ကြိမ်ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ပလောင်ရွာ ၊ မြဥယျာဉ်ကုမ္ပဏီခြေရင်းနားကို ချသွားတာ၊ နောက်တစ်လုံးက လုံးခင်းကောက်ကွင်းနားကိုလာချသွားတာ”​လို့ လေကြောင်းတိုက်ခိုက်မှုကိုတွေ့မြင်ရတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

ဒီနေ့မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ မလောင်ရွာအနီးမှာ ပထမအကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး နေ့လည် ၁၂ နာရီမှာ နောက်ထပ်တစ်ကြိမ် လုံးခင်း နဲ့ ကုဋေမှော်ကြားရှိ  လုံးခင်းဂေါက်ကွင်းအနီးကို ကြဲချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ 

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။ 

မြဥယျာဉ်ကုမ္ပဏီအနီးတဝိုက်မှာပြီးခဲ့တဲ့ရက်ပိုင်းမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့များ တပ်စွဲနေရာယူထားတဲ့ဒေသတွင်းမှာ သတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ 

လုံးခင်းကျေးရွာ နဲ့ မှော်စီစာကျေးရွာတဝိုက်မှာ မေလ ၂ ရက်နေ့ကစလို့ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ဒရုန်းပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာတာလည်းဖြစ်ပါတယ်။

မနေ့ကလည်း လုံးခင်းကျေးရွာမှာ ထောင်ထာင်းတဲ့မိုင်းပေါက်ကွဲပြီး မိုင်းစထိမှန်မှုကြောင့် ကလေးငယ်တစ်ဦးထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းမှာ KIA+PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ကြား စစ်ရေးတင်းမာမှုတွေမြင့်တက်နေပြီး အပြန်အလှန် လက်နက်ကြီး ၊ ဒရုန်းပစ်ခတ်မှုတွေဟာ နေ့တိုင်းရှိလာနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ 

ဧပြီ(၂၃)ရက်နေ့ကနေ ယနေ့အထိ တော်လှန်ရေးတပ်ဖွဲ့များက ကာမိုင်းကနေ ဖားကန့်မြို့သို့ စစ်တပ်စစ်ကြောင်းထိုးဝင်ရောက်မှုကို တားဆီးနိုင်ရန်အတွက် ဒီလမ်းပိုင်းကိုပိတ်ပင်ထားခဲ့တာလည်းဖြစ်ပါတယ်။

ဒီလိုပိတ်ပင်ခဲ့ပေမယ့် အင်အား(၅၀၀)ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းက ဖားကန့်ဒေသအတွင်းကို ရောက်ရှိနေတာ ရက်အနည်းငယ်ကြာမြင့်နေပြီဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *