ဇန်နဝါရီ ၁၉ ၊ ကသာ
စစ်ကိုင်းဒေသကြီး၊ ကသာမြို့နယ် မိုးဒါလေးရွာကို စစ်ကေင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့လို့ အလှူလုပ်နေတဲ့ နေအိမ်ကို ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ (၈) ဦး မီးလောင်းသေဆုံးသွားခဲ့တယ်လို့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ မြို့လှ PDF က သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ် တပ်မ (၈၈) လက်အောက်ခံ ခလရ (၇၇) နဲ့ မြန်မာနိုင်ငံလုံးဆိုင် ကျောင်သားများ ဒီမိုကရေစီတပ်ဦး (ABSDF)၊ မိုးဒါလေး ဒေသခံပြည်သူ့ကာကွယ်ရေး တပ်နဲ့ မြို့လှ PDF တော်လှန်ရေးမဟာမိတ် ၃ဖွဲ့တို့က ကသာခရိုင် ချောင်းဝရွာနှင့် မိုးဒါလေးရွာကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၆ နာရီအချိန်မှာ စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် (၃)စင်းနဲ့ အပါအဝင် ပဒေသာဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နံနက် ၇ နာရီမှ ညနေ ၅ နာရီထိ ၁၀ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ (၃၀) ကျော်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သူတို့အဖွဲ့က ဆိုပါတယ်။
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ကသာမြို့နယ်ထဲက မိုးဒါးကြီး ၊ ဟဲနား၊ နောင်ပင်ကျေးရွာက နေအိမ် ခြောက်ဆယ်ကျော်ကို စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏတိုက်တွေဖြစ်ပွားနေပြီး စစ်ဘေးတိမ်းရှောင်ရတဲ့ တိုင်းဒေသကြီးတစ်ခုလည်းဖြစ်ပါတယ်။