ကာမိုင်းမြို့တွင်လိုင်စင်မဲ့ကားဖြင့်  လိုင်းကားပြေးဆွဲနေသည့်ကားများကိုဖမ်းဆီးနေ 

ဇွန် ၇ ၊ ကာမိုင်း 

ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင် လိုင်စင်မရှိသည့်ကားများဖြင့် လိုင်းကားပြေးဆွဲနေသည့် ကားများကို ဇွန်လ ၄ ရက်နေ့ကစတင်ပြီး ဖမ်းဆီးနေတယ်လို့ ကာမိုင်းဒေသခံတွေဆီကနေသိရပါတယ်။ 

“ ကားဝစ်တောက်တွေက တရားလွန်တာတွေဖြစ်နေတာလေ  လိုင်စင်ကားတောင်မသွားရတော့ဘူး သူတို့ကြီးပဲသွားနေတာများနေတော့  ဝစ်တောက်တွေတအားများလာတော့ အကန့်အသတ်လေးလုပ်ပေးတဲ့သဘောပါ။” လို့ ကာမိုင်းမြို့ခံ တစ်ဦးက ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ 

ဖားကန့် – မိုးကောင်းလမ်းပေါ်ဖြတ်သန်းမောင်းနေကြတဲ့ လိုင်စင်မဲ့ကားတွေနဲ့ ကုန်တင်တာ၊ ခရီးသည်တင်တာတွေ ပိုမိုပြုလုပ်တာကြောင့် ဖမ်းဆီးခြင်းဖြစ်တယ်လို့လည်း စုံစမ်းသိရပါတယ်။ 

ကချင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ကားများဟာ မြို့နယ်အတွင်း နားလည်မှုများဖြင့် သွားခွင့်ရရှိထားပြီး နယ်ကျော်သွားလာရင်တော့ ဖမ်းဆီးမှုတွေ ယခင်ကတည်းက ရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

“ ကာမိုင်းမြို့ထဲမှာတော့ မြို့တွင်းစီးတဲ့ဟာကရမယ်နဲ့တူပါတယ်။ ဖမ်းတာက အဲ့လိုလိုင်းဆွဲတဲ့ဟာလေ။ တချို့ကလည်း နယ်ကျော်ပယ်ကျော်ဆိုတော့ လိုင်းစွဲတယ်လို့ပဲ သတ်မှတ်ကြတာကိုး ကိုယ့်နယ်နဲ့ ကိုယ်စီးရင်တော့ရမှာပါ”​လို့ ကာမိုင်းမြို့ခံတစ်ဦးက ဆက်ပြောပြပါတယ်။ 

မြစ်ကြီးနား၊ ဗန်းမော် ၊ မိုးညှင်း၊ အင်းတော်ကြီး ၊ ဖားကန့် စတဲ့မြို့နယ်တွေမှာရှိတဲ့   လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်များကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွေမှာ ကချင်ပြည်နယ်စီမံချက်များဖြင့်  ဖမ်းဆီးအရေးယူမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *