ကာမိုင်းမြို့ထွေအုပ်ရုံးအတွင်းဗုံးပေါက်ကွဲမှုကြောင့်  ဝန်ထမ်းနှစ်ဦးသေဆုံးကာတစ်ဦးဒဏ်ရာရ 

နိုဝင်ဘာ ၂၄ ၊ ကာမိုင်း

ကာမိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ဝန်ထမ်းနှစ်ဦးသေဆုံးပြီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခွဲကျော်အချိန်မှာ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး  အမျိုးသားဝန်ထမ်းတစ်ဦးသေဆုံးခဲ့သလို အမျိုးသားတစ်ဦးကလည်း ခြေထောက်နှစ်ဖက်ကြေမွထိခိုက်ခဲ့ကာ အမျိုးသမီးတစ်ဦးက ဦးခေါင်းကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ 

“ တစ်ယောက်ကတော့ ခေါင်းလေးမှာနည်းနည်းထိသွားတယ်။ ယောကျာ်လေးတစ်ယောက်ကတော့သေသွားတာပါ့၊  တစ်ယောက်ကတော့ ခြေထောက်နှစ်ချောင်းစလုံးကြေမွသွားတယ်။  တစ်ဖက်ကတော့ဖနှောင့်ကြွေမွသွားတယ်။ တစ်ဖက်ကတော့ ခြေတလုံးနားမှအပြတ်လို့ပြောတယ်” လို့ ကာမိုင်းမြို့ ထွေအုပ်ရုံးနဲ့ နီးစပ်သူတွေတစ်ဦးကပြောပြပါတယ်။ 

ထိခိုက်ဒဏ်ရာရသူတွေကို မြစ်ကြီးနားမြို့ကို ခေါ်ဆောင်သွားကြပြီး သေဆုံးသူကို သဂြိုလ်ဖို့ပြင်ဆင်နေတယ်လုိ့သိရပါတယ်။ 

မြစ်ကြီးနားကို ရောက်ရှိခဲ့တဲ့ ခြေထောက်နှစ်ဖက်ထိခိုက်တဲ့ ဝန်ထမ်းကလည်း ဒီနေ့ ညနေပိုင်းမှာ သေဆုံးသွားတယ်လို့ ထွေအုပ်နဲ့ နီးစပ်သူတွေက အတည်ပြုပါတယ်။ 

ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့  ကာမိုင်းမြို့ ရင်ကွဲတောင်ဘက်နဲ့ မအူပင်ကျေးရွာဘက်တွေကို ပြန်လည်ပစ်ခတ်မှုတွေရှိတယ်လို့ ကာမိုင်းရပ်မိရပ်ဖတစ်ဦးက အတည်ပြုပါတယ်။ 

ကာမိုင်းမြို့အနီးကို KIA အင်အား တစ်ရာကျော်လောက်ကလည်း ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့အချိန်ရောက်ရှိလာခဲ့တယ်လို့လည်း ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *