ဧပြီ၃၀၊ကာမိုင်း
ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ကနေ မိုးကောင်းမြို့နယ်ထဲကို တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ဦးရေ(၁၆၅)ဦးကျော်ရှိနေတယ်လို့ ကူညီကယ်ဆယ်နေသူ မိုးကောင်းဒေသခံများထံမှ သိရှိရပါတယ်။
ပြီးခဲ့တဲ့မတ်လကုန်ကစပြီး တိမ်းရှောင်လာခဲ့ကြရာ တစ်လကျော်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ကာ အိမ်ထောင်စု (၄၀)ကျော်၊ စစ်ရှောင်ဦးရေ(၁၆၅)ဦးကျော် ရှိနေတယ်လို့ ဆိုပါတယ်။
“ ကျွန်တော်တို့ (ရှမ်းနီ ၊ခန္တီး)မှမဟုတ်ဘူး ဂျိန်းဖောတွေလည်းပြေးကြတာပေါ့ နှစ်ဖက်စလုံးပြေးကြတယ် အဲါမှာက သက်ကြီးရွယ်အိုတွေပဲကျန်တယ် အရွယ်ကောင်းတွေ အမျိုးသမီးတွေမရှိတော့ဘူး အခုပြန်မယ်ဆိုလည်းမပြန်ရဲကြဘူး မပြန်နိုင်ကြသေးဘူး ဖြစ်နေတာပေါ့” လို့ မိုးကောင်းမြို့နယ်မှ ကူညီနေသူ တစ်ဦးကဆိုပါတယ်။
မိုးကောင်းမြို့ ရွှေသာလျောင်းဘုရားကျောင်းဝင်းအတွင်းရှိ ဒေဝကျောင်းတိုက်မှာ လူဦးရေ(၈၀)၊ ကျွန်းတောရပ်ကွက်၊ ပူတာစုရပ်ကွက်က အသိဆွေမျိုးအိမ်တွေမှာ လူဦးရေ (၅၀)ဦး၊ ဆားမှော်ကျေးရွာမှာ (၂၀)ဦး၊ နန့်ရင်းချောင်းဘေးရှိ ဖွေးဟော်ရွာမှာ (၁၅)ဦးခန့် ခိုလှုံနေကြတာလည်း ဖြစ်ပါတယ်။
ဧပြီလအတွင်းမှာ ကာမိုင်းမြို့အတွင်းမှာ တိုက်ပွဲဖော်ဆောင်မှာဖြစ်ပြီး မြို့နေပြည်သူတွေ ကြိုတင်တိမ်းရှောင်ထားကြရန် KIA+PDF ပူးပေါင်းတပ်ဖွဲ့များဘက်က သတင်းလွှင့်ပြောဆိုမှုတွေရှိခဲ့တာကြောင့် အခုလိုရှောင်တိမ်းလာခဲ့ကြတာလို့ သိရပါတယ်။
“ ဟိုလိုကြီးတော့ ဘာမှတော့မဖြစ်ပါဘူး ကေအိုင်အေပီတီအက်ဖ်တွေက ချိန်းခြောက်တာပေါ့ ဘယ်နေ့တိုက်မယ်အေ့လိုပေါ့ အေအေ့ဒါနဲ့ပဲ တောင်ရှောင်မြောက်ရှောင်ကြနဲ့ ’ ဟု စစ်ဘေးတိမ်းရှောင်လာခြင်းမရှိတဲ့ ကာမိုင်းမြို့ခံတစ်ဦးက ဆိုပါတယ်။
ဧပြီလ နောက်ဆုံးအပတ်ထဲမှာတော့ ကာမိုင်းမြို့ခံတချို့ဟာ နေရပ်ကိုပြန်လည်နေကြပြီဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ဘေးတိမ်းရှောင်လာသူများအတွက် မိုးကောင်းမြို့နယ်အတွင်းရှိ ပြည်သူများ၊ နိုင်ငံခြားရောက်ခန္တီးရှမ်းများနှင့် ရှမ်းနီအဖွဲ့အစည်းတစ်ခုမှ ထောက်ပံ့ကူညီပေးမှုများ အနည်းငယ်ရှိနေတယ်လို့လည်း သိရပါတယ်။