နိုဝင်ဘာ ၇ ၊ ကောလင်း
စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းမြို့ကို ဒေသကာကွယ်ရေးတပ် PDF နှင့် မဟာမိတ်များ တိုက်ခိုက်သိမ်းပိုက်တဲ့ သတင်းကြောင့် အနီးပတ်ဝန်းကျင် မြို့တချို့က ပြည်သူများ မြို့ကို စွန့်ခွာရှောင်တိမ်းမှုများ ရှိလာတယ်လို့ စုံစမ်းသိရပါတယ်။
” ဝန်းသိုမြို့ထဲမှာ အိမ်စောင့်လောက်ပဲ ကျန်တော့တယ်။ တော်တော်များများထွက်ပြေးကုန်ကြပြီ။ ကျွန်မတို့လည်း အခုထွက်လာတာ။”ဟု ဝန်းသိုမြို့က တိမ်းရှောင်လာသည့် အသက် ၃၀ အရွယ် အမျိုးသမီးက နိုဝင်ဘာလ ၆ ရက်နေ့က ပြောပါတယ်။
ကောလင်းမြို့ကို PDF နှင့် မဟာမိတ်များ သိမ်းပိုက်တဲ့ သတင်းဂယက်ကြောင့် ကသာမြို့ နှင့် ထီးချိုင့်မြို့များရှိ ပြည်သူ အချို့လည်း မြို့ကို စွန့်ခွာမှုတွေရှိလာခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
” ကောလင်းပြီးရင် ကသာဆိုလို့ သူများတွေပြေးနေကြတော့ သူလည်း ပြန်လာတော့မယ်ဆိုပြီး ကျွန်တော့်သမီးလည်း ထွက်လာခဲ့တယ် ”ဟု ကသာမြို့တွင် ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ဦးရဲ့ မိဘက ပြောပါတယ်။
ကောလင်းမြို့သိမ်းတိုက်ပွဲပြီးနောက် ကောလင်းအပါအဝင် ဝန်းသို၊ ထီးချိုင့်မြို့နယ်တွေက ဒေသခံတွေက မန္တလေး၊ မိုးညှင်း၊ အင်းတော်ကြီး စတဲ့မြို့နယ်တွေဆီကို တိမ်းရှောင်မှုတွေရှိလာတယ်လို့ ထွက်ပြေးတိမ်းရှောင်သူနဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။
“ မိုးညှင်းညနေစျေးဆိုရင် လူတွေပြည့်လို့ကြပ်လို့၊ အင်းတော်ကြီးကို ကားနှစ်စီးသုံးစီး၊ မိုးညှင်းကိုက ဘယ်နှစ်စီးလဲတောင်မသိဘူး။ လူတွေက တော်တော်များလာတယ်။ ကောလင်း၊ ထီးချိုင့်တွေဘက်ကနေ လာကြတာတွေ” လို့ မိုးညှင်းဒေသခံတစ်ဦးက ပြောပါတယ်။
ခရိုင်မြို့ တစ်မြို့ဖြစ်တဲ့ ကောလင်းမြို့ကို PDF များနှင့် မဟာမိတ် များက တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ် ငါးမြို့နယ်ထက်မနည်းကို တော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ ရဲစခန်းနှင့် တပ်စခန်းအချို့အားလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG တာဝန်ရှိသူများ၏ ထုတ်ဖော်ပြောကြားမှုများအရ သိရပါတယ်။