အောက်တိုဘာ ၂၃၊ မိုးညှင်း
ကချင်ပြည်နယ်အတွင်း အခြေစိုက်တဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) က မြို့နယ်ငါးခုမှာ ပါတီရုံးတွေဖွင့်လှစ်ထားပြီဖြစ်တယ်လို့ ဗဟိုကော်မတီဝင်တစ်ဦးဆီကနေ သိရပါတယ်။
“ ရှမ်းနီပါတီကနေနဲ့ကတော့ ပါတီရုံးခန်းတွေအားလုံးဖွင့်ထားပြီးပြီ ၊ မိုးညှင်းရုံးကတော့ မြို့နယ်ရုံးရော၊ ဗဟိုရုံးရော တွဲထားတယ်။ အင်အားစာရင်းတောင်းတာလည်း ငါတို့ဟာကပြည့်သွားပြီ။ ၂၈၉၄ ယောက်တင်ထားတယ်။ အခုပြန်စိစစ်ပြီးတော့မှ ပြန်တင်ထားတယ်။ ရှမ်းနီပါတီကတော့ အားလုံးစိစစ်လိုက်ရင်တောင်မှ တစ်ထောင်အများကြီးကျော်တယ်” လို့ ကျားနီပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောပြပါတယ်။
ကျားနီပါတီရုံးတွေကို မိုးညှင်း၊ မိုးကောင်း၊ ဝိုင်းမော်၊ မြစ်ကြီးနား နှင့် ဗန်းမော်မြို့တွေမှာဖွင့်လှစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ အခုအောက်တိုဘာလကုန်ကို သတ်မှတ်ထားတဲ့ ပါတီရုံး အရေအတွက် ပြည့်မှီအောင်ဖွင့်ရမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြည်နယ်/ တိုင်းဒေသကြီးအတွင်းအခြေစိုက်မယ့် ပါတီတွေဟာ ပါတီရုံးကို (၅) မြို့နယ် နှင့် ပါတီဝင်အင်အား တစ်ထောင်တင် ပြရတာလည်းဖြစ်ပါတယ်။
ကျားနီပါတီ (TNDP) က ၂၀၂၃ ခုနှစ် မေလမှာ ပါတီမှတ်ပုံတင်ရရှိထားတာဖြစ်ပြီး ၂၀၁၅ ၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွတ်တော်အမတ် နှင့် တိုင်းရင်းသားလူမျိုးစု ဝန်ကြီး နေရာတွေမှာ အနိုင်ရရှိခဲ့ဖူးတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီက အတည်ပြုထားတဲ့ နိုင်ငံရေးပါတီ ၃၇ ပါတီရှိပြီး တချို့ပါတီကြီးတွေထဲမှာ ပါတီဝင်အင်အားစာရင်းထပ်တာ၊ လူတစ်ဦးတည်း နှစ်ပါတီဖြစ်နေတာ၊ နိုင်ငံရေးဝန်ထမ်းတွေ ပါဝင်နေတာတွေ တွေ့ရှိထားတာကြောင့် ပြင်ဆင်ခိုင်းထားရတယ်လို့ သိရပါတယ်။