အောက်တိုဘာ ၁၉ ၊ ခန္တီး
ခန္တီးမြို့မရဲစခန်း အချုပ်ထောင်ဖောက်ထွက်ပြေးသူတွေထဲမှာ (၅) ဦးကို ပြန်လည်ဖမ်းမိခဲ့ပြီး အဲ့ဒီထဲမှာ (၁) ဦးသေဆုံးတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ မနေ့ကညကတည်းက (၅) ယောက်ပြန်မိတယ်။ အရပ်ထဲကတော့ ၁၄ လောက်လို့ပြောတယ်ရဲတစ်ယောက်အပါအဝင်ပေါ့၊ အဲ့ထဲမှာ တစ်ယောက်ကတော့သေပြီလို့ပြောတယ်” လို့ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့ မနက် (၃) နာရီဝန်းကျင်အချိန်မှာ ခန္တီးမြို့မ ရဲစခန်းအချုပ်ထောင် ဖောက်ပြီးထွက်ပြေးသူတွေထဲမှာ ခန္တီးမြို့ နမ်စီပွန်ကျောက်မှော်မှာ ဖမ်းဆီးမိခဲ့တဲ့ KPDF တပ်ဖွဲ့ဝင် (၄) ဦးပါဝင်ပြီး အဲ့ထဲက နှစ်ဦးကိုလည်း ပြန်လည်ဖမ်းမိတယ်လို့ဆိုပါတယ်။
ထွက်ပြေးသူ ၁၄ ဦးထဲမှာ KPDF တပ်ဖွဲ့ဝင် (၄) ဦး ၊ အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံရသူ နဲ့ မူးယစ်ဆေးဝါးမှုနဲ့ တရားရင်ဆိုင်ရသူတွေပါဝင်တယ်လို့ သိရပါတယ်။
ခန္တီးမြို့နယ်သီတဂူမျက်စိဆေးရုံ ဖွင့်ပွဲမတိုင်ခင်ရက်မှာ လက်နက်နဲ့အတူဖမ်းဆီးရမိတဲ့ မုံရွာမြို့နေ လူငယ် သုံးဦးက ဒီထွက်ပြေးတဲ့ထဲမပါဝင်ဘူးလို့လည်း ဒေသခံတွေကနေသိရပါတယ်။
ခန္တီးမြို့မရဲစခန်းဖောက်ခံရမှုလွန်ခဲ့တဲ့ ၁၉၈၄ ခုနှစ်မှာ နာဂတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးဖမ်းဆီးထားစဉ်ကတစ်ကြိမ် ၊ လွန်ခဲ့တဲ့ ငါးနှစ်မှာ တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထွက်ပြေးသူတွေကိုတော့ ပြန်လည်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။