


မေ ၂၉ ၊ ဟုမ္မလင်း
ချင်းတွင်းမြစ်အထက်ပိုင်းဖြစ်တဲ့ ဟုမ္မလင်း ၊ ထမံသီ ၊ ခန္တီး နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ အခုရက်ပိုင်းအတွင်းမိုးအလွန်များလာနိုင်တယ်လို့ မိုးလေသဝသတင်းများကို ထုတ်ပြန်ပေးနေတဲ့ ဦးဝင်းနိုင်က မေလ ၂၈ ရက်နေ့မှာ ပြောဆိုထားပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့တွေဖြစ်တဲ့ ခန္တီးမြို့နယ် ၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်းမြို့နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လေရှီးမြို့နယ်တွေမှာ မိုးရွာရာကနေ မိုးအလွန်များနိုင်တဲ့အခြေအနေလို့ သူကဆိုထားပါတယ်။
၄၈ နာရီအတွင်းမှာ မိုးရေချိန် ၁၂.၈ လက်မ ( ၃၂၅) မီလီမီတာအထက် ရွာသွန်းနိုင်ပြီး ချင်းတွင်းမြစ်ရေလည်း ရုတ်တရက်မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီနေ့မနက်ပိုင်းအထိ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့နယ်မှာ ၂ ပေနီးပါး ( ၅၆ စင်တီမီတာ ) ၊ ဟုမ္မလင်းမြို့နယ်မှာ တစ်ပေနီးပါး (၃၁ စင်တီမီတာ ) မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
မိုးလေဝသနှင့်ဇလဗေဒကလည်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ရပ်တည်ရှိနေပြီး မြောက်ဘက်ကို ဖြည်းဖြည်းချင်းရွေ့လျားနေပြီး လာမယ့်် ၁၈ နာရီအတွင်း မုန်တိုင်းငယ် တစ်ခုအဖြစ်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီနေ့မှာလည်း မြန်မာနိုင်ငံအထက်ပိုင်းဒေသတစ်ခုလုံးနဲ့ ကမ်းရိုးတမ်းဒေသတွေမှာ မိုးရွာဖို့လည်း ရာနှုန်းပြည့်ဖြစ်နေတယ်လို့ဆိုပါတယ်။
