ဒီမိုကရေစီအရေးလုပ်ရှားသူ (၄) ဦးကို စစ်ကောင်စီက သေဒဏ်စီရင်တဲ့ လုပ်ရပ်အတွက် အလွန်စိတ်ပျက်မိတယ်လို့ အာဆီယံ ဥက္ကဌ ၊ ကမ္ဘာဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဇူလိုင်လ ၂၆ ရက်နေ့ မှာ ထုတ်ဖော်ပြောဆိုပါတယ်။
အာဆီယံဥက္ကဋ္ဌက မေတ္တာရပ်ခံနေတဲ့ကြားမှ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက်မှုအတွက် အာဆီယံအနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့ ဒီလုပ်ရပ်အပေါ် အလွန်စိတ်ပျက်မိတယ်လို့ ထည့်သွင်းပြောဆိုပါတယ်။
စစ်ကောင်စီက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီ ၊ကိုဇေယျာသော် ၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို သေဒဏ်စီရင်ပြီးကြောင်း ဇူလိုင်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
လာမယ့် ၅၅ ကြိမ်မြောက် အာဆီယံဝန်ကြီးများ အစည်းအဝေးမတိုင်မီ တစ်ပတ်အလိုမှာ ဒီလိုသေဒဏ်ပေးမှုတွေကို အကောင်အထည်ဖော်ခြင်းက အလွန်ရှုံ့ချဖွယ်ရာဖြစ်တယ်လို့လည်းဆိုပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ ရှုပ်ထွေးမှု အကျပ်အတည်းမြင့်တက်နေချိန်မှာ တုံ့ပြန်တိုက်ခိုက်လိုစိတ် အမြင့်မားဆုံးကိုလည်း ခံစားမြင်တွေ့ရမှာဖြစ်ပြီး အာဆီယံအနေနဲ့ အခြေအနေကို ပိုမိုဆိုးရွားအောင် လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။
အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ရပ်အတိုင်း မြန်မာ့အရေးကို ငြိမ်းချမ်းစွာဖြင့် အားလုံးပါဝင်တွေ့ဆုံဆွေးနွေးဖြေရှင်းရန် ဆက်လက်တောင်းဆိုသွားမယ်လို့လည်း အာဆီယံဥက္ကဋ္ဌရဲ့ ကြေညာချက်မှာ ဖော်ပြထားတာလည်းဖြစ်ပါတယ်။
အာဆီယံ ဥက္ကဌ နည်းတူ ဥရောပသမဂ္ဂအဖွဲ့အစည်းများ ၊ ဥရောပနိုင်ငံများ ၊ အမေရိကန်နိုင်ငံနဲ့ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေကလည်း စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုံ့ချထားကြတာလည်းဖြစ်ပါတယ်။