
အောက်တိုဘာ ၁ ၊ ဆဒုံး
ဝိုင်းမော်မြို့နယ် ဆဒုံးမြို့လယ်ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုတွေပြီးတဲ့နောက် ဒေသခံတချို့ဟာ ထွက်ပြေးတိမ်းရှောင်မှုတွေရှိလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဆဒုံးမြို့က KIAရဲ့ အုပ်ချုပ်ရေးယန္တရားတချို့ပိတ်သိမ်းလိုက်ပြီး ဒေသခံများ မြို့ထဲကနေထွက်နေကြတယ်လို့ ဖြစ်စဉ်ကို သိတဲ့ ဒေသခံတွေက ပြောဆိုကြပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့ တိုက်ခိုက်ခံရမှုမှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဆဒုံးမြို့လယ်ခေါင် စျေးတန်းကို ညနေ ၃နာရီဝန်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေး ၂ ယောက်အပါအဝင်နဲ့ ၈ ယောက် သေဆုံးခဲ့တယ်လို့ KIA ဘက်က ထုတ်ပြန်ထားပါတယ်။
ဆဒုံးမြို့ဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသွားတဲ့ လမ်းပိုင်းပေါ်က မြို့တစ်ခုဖြစ်ပြီး တော့ ၂၀၂၄ ခုနှစ်အထိ ဦးစခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်နယ်မြေတစ်ခုလည်းဖြစ်ပါတယ်။
KIA က ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ဦးစခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်အဖွဲ့ကို တိုက်ထုတ်ပြီး မြို့ကို သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။
လူဦးရေ ၃၆၀၀ ကျော်နေထိုင်တဲ့ ဆဒုံးမြို့မှာ နယ်စပ်ဒေသကုန်သွယ်ရေး ၊ သတ္ထုတူးဖော်ရေးလုပ်ငန်းတွေကို အဓိကထား လုပ်ကိုင်ကြတာလည်းဖြစ်ပါတယ်။
