ဆားမှော်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာသား(၂)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရရှိခဲ့ 

နိုဝင်ဘာ ၁၃ ၊ မိုးကောင်း 

  မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအတွင်း နိုဝင်ဘာ(၁၁)ရက်နေ့က စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ကျေးရွာသား(၂)ဦးသေဆုံးခဲ့ပြီး ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြတယ်လို့ သိရပါတယ်။

 “ ရွာထဲမှာ ဟိုဘက်ဒီဘက်ပစ်ခတ်ကြတဲ့ခါကျတော့ ဆယ်နေရာလောက်ထိခိုက်သွားတယ် နှစ်ယောက်ဆုံးသွားတယ် ဆားမှော်ရပ်ကွက်(၄)ကအမျိုးသားနှစ်ယောက် ကချင်အမျိုးသားတစ်ယောက်နဲ့ ရှမ်းဗမာအမျိုးသားတစ်ယောက် အဝေးမှာကွဲတဲ့မိုင်းစတွေထိမှန်ပြီး သေသွားကြတာပေါ့” ဟု ဆားမှော်ရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

 ထိခိုက်ဒဏ်ရာရရှိသူ(၅)ဦးမှာ ကလေးငယ်တစ်ဦးပါဝင်ခဲ့ပြီး ကျန်ထိခိုက်သူများက  အမျိုးသမီး(၄)ဦးတို့ ဖြစ်ကာ ကလေးငယ်၏ ခြေဖနောင့်တွင် မိုင်းစထိမှန်ခဲ့တာကြောင့် မြစ်ကြီးနားဆေးရုံမှာ  ကုသမှုခံယူနေသည်ဟု ဆိုပါတယ်။ 

  ၎င်းတို့က ဆားမှော်ရပ်ကွက်(၄)အတွင်းနေထိုင်သူ ကချင်အမျိုးသမီး(၂)ဦး၊ ရပ်ကွက်(၃)ရှိ ဗမာအမျိုးသမီး(၁)ဦးနှင့် သားအမိနှစ်ဦးတို့ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

” မနေ့ကညတော့ ကြောက်လန့်ပြီးတော့ ဘုန်းကြီးကျောင်းတွေမှာ သွားအိပ်ကြတာပေါ့ ရွာသား လေးပုံတစ်ပုံလောက်ပေါ့ ကျန်တဲ့သူတွေတော့ ကိုယ့်အိမ်ကိုယ့်ယာမှာပဲ နေကြတာပါ အခုမနက်မိုးလင်းရင်တော့ ပုံမှန်အခြေအနေရှိပါတယ်” ဟု၎င်းက ကျေးရွာတွင်း အခြေအနေကို ဆက်ပြောပြပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် ကျေးရွာတွင်းရှိ နေအိမ်(၃၀)လုံးခန့်  အနည်းငယ် ထိခိုက်ပျက်စီးမှုများလည်း ရှိနေတယ်လို့လည်း ဆိုပါတယ်။ 

နိုဝင်ဘာလ(၁၁)ရက်နေ့ နေ့လည်(၁၂)ခွဲကနေ ၁နာရီကျော်ထိ (၄၅)မိနစ်ကျော်ကြာ ဆားမှော်ကျေးရွာတွင်း စစ်ကောင်စီတပ်နှင့် KIA+PDFပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဦးနှစ်ဖက် အပြန်အလှန် တိုက်ပွဲပြင်းထန်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *