စက်တင်ဘာ ၁၉ ၊ ဖားကန့်
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအတွင်းမှာ စက်တင်ဘာလ(၁၉)ရက် မနက်ပိုင်း(၁)နာရီကျော်ဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များနဲ့ KPDF တပ်ဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ကျေးရွာတွင်းက ရပ်ကွက်(၃)နဲ့ ကျောက်သွေးတောင်ကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲချမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက် မနက်ပိုင်း(၁)နာရီကနေ မနက် (၄)နာရီဝန်းကျင်ထိ တိုက်ပွဲပြင်းထန်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။
“ မနက်(၄)နာရီလောက်အထိ ပစ်ကြတယ် လက်နက်သံတွေက ဘေးနားလေးမှာကွဲသလိုကို ကြားနေကြရတာဖြစ်လို့ မနေရဲကြတော့လို့ ဒီမနက် ရရာကားနဲ့ အောက်ဆင်းကုန်ကြပြီ” ဟု ဆိပ်မူကျေးရွာသားတစ်ဦးက ပြောပြပါတယ်။
ရပ်ကွက်တွင်း ထိခိုက်မှုများကိုတော့ မသိရှိရသေးပါဘူး။
ကျေးရွာတွင်းတိုက်ပွဲတွေကြောင့် ဒေသခံ စစ်ဘေးတိမ်းရှောင်သွားကြသူတွေလည်း တစ်ရက်ထက်တစ်ရက်များပြားလာနေပြီး ကျေးရွာအနီးက စစ်ရှောင်စခန်း၊သာသာရေးကျောင်းများသို့ ရှောင်တိမ်းသူများလည်းရှိနေသလို မန္တလေး၊ရန်ကုန်လိုမြို့ကြီးများ၊ ဆွေမျိုးနေအိမ်များဆီ ခတ္တခိုလှုံနေသူများလည်းရှိနေကြောင်း သိရပါတယ်။
စစ်ဘေးရှောင်ဦးရေ တိုးများလာတာနဲ့အမျှ တစ်ချို့သောစစ်ရှောင်စခန်းတွေကလည်း စားနပ်ရိက္ခာအခက်အခဲအခြေအနေများကြောင့် စစ်ရှောင်ထပ်တိုးလက်မခံခြင်းတွေလည်းရှိနေတယ်လို့ ဆိုကြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့များက Lucky Man ဟိုတယ်အပြင် ဆိပ်မူကျေးရွာအနီးက ယူမာကျေးရွာရှိ ဝန်ထမ်းအိမ်ရာတွင်းတွေမှာ ဖြန့်ကျက်တပ်စွဲထားကြပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း ဆိပ်မူကျေးရွာအတွင်းမှာ နေရာယူကာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြဆဲဖြစ်ပါတယ်။
ဆိပ်မူကျေးရွာအတွင်း စစ်ကောင်စီတပ် နှင့် KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ နှစ်ပတ်နီးပါးကြာမြင့်လာပြီဖြစ်ကာ အရပ်သားနေအိမ် ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။