
မတ် ၁၂ ၊ ဖားကန့်
ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စု၊ မနမှော်ကျေးရွာရှိ ဦးချိုကျောက်စိမ်းလုပ်ကွက်အတွင်း ယနေ့မနက်(၄)နာရီအချိန်တွင် နွံကန်ပြိုကျပြီး ရေမဆေးသမား(၃၀)ကျော်ခန့် ပျောက်ဆုံးပါရှိသွားတယ်လို့ သိရပါတယ်။
‘ရေမပါဘူး နွံတွေကြီးပဲလေ လက်ရှိလုပ်နေတဲ့လုပ်ကွက်ထဲမှာ နွံကန်ပေါက်ကျတာဆိုတော့ ကမ်းပါးပေါ်တင်နေတဲ့ လူ့တစ်ရပ်လောက်ရှိတဲ့နွံတွေလောက်ကိုပဲ စက်ယန္တရားတွေနဲ့ရှာဖွေကယ်ဆယ်ရေးလုပ်လိုက်တာပဲရှိတာ ဟိုးကျင်းအောက်မှာ ဖို့မိသွားတဲ့သူတွေကိုတော့ ဘယ်လိုမှရှာဖွေကယ်ဆယ်လို့မရတော့ဘူး’ ဟု ကူညီကယ်ဆယ်ရေး ပြုလုပ်ခဲ့သူတစ်ဦးက ပြောပြပါတယ်။
နွံကန်ပြိုကျမှုအတွင်း ညဆိုင်းရှာဖွေသူ ရေမဆေးသမားများအားလုံး မျှောပါနစ်မြှုပ်သွားတာဖြစ်ပြီး ပြန်လည်လွတ်မြောက်လာသူ (၄)ဦးရှိခဲ့ကာ ပိုင်ရှင်မသိသေးတဲ့အလောင်း(၂)လောင်းကိုလည်း ရှာဖွေကယ်ဆယ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
လွတ်မြောက်ဒဏ်ရာရရှိလာသူများက ကားဆရာ ကိုဖြိုးဝေ(အသက်၂၅နှစ်) ၊ ကြီးကြပ်ရေးမှူး ကျော်ဇင်ဝိုင်း(၂၈)နှစ်၊ စက်သမား ဟိန်းမင်းလတ်(၃၂)နှစ်နှင့် မိုင်းအဖွဲ့ စည်သူမျိုး(၁၉)နှစ်တို့ဖြစ်ကာ ဖားကန့်ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရပါတယ်။
ပြိုကျမှုဖြစ်ပွားခဲ့တဲ့ ကျင်းအနက်မှာ ပေ(၅၀)အထက်နှင့် ကျင်းအကျယ်ပတ်ချာလည်က ပေ(၃၀၀)ပတ်လည်ခန့်ရှိတယ်လို့လည်း သိရပါတယ်။
ရှာဖွေကယ်ဆယ်ရေးပြုလုပ်မှုကို ပြိုကျမှုဖြစ်ပွားပြီးနောက် (၃)နာရီခန့်အကြာမှ သွားရောက်နိုင်ခဲ့ကာ (၃)နာရီကျော်ကြာ ရှာဖွေခဲ့ကြပြီး နေ့လည်(၁၂)နာရီကို ကယ်ဆယ်ရေးအပြီးရပ််နားခဲ့ကြကြောင်း၊ဆက်လက်ရှာဖွေမှုမပြုလုပ်တော့ကြောင်း ရှာဖွေရေးပြုလုပ်ခဲ့သူများက ဆိုပါတယ်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင်လည်း မနမှော်ကျေးရွာ၌ပင် မြေစာပုံပြိုကျခဲ့မှုကြောင့် ရေမဆေးသမား(၄၀)ဦးခန့် ပါရှိသွားပြီး အလောင်း(၃၃)လောင်း ပြန်လည်တွေ့ရှိခဲ့ပါသေးတယ်။