မတ် ၃ ၊ ကွန်ဟိန်း
တစ်နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ဟာ တိုက်ပွဲပြန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
မတ်လ ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်က ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တယ်လို့ RCSS/SSA ရဲ့ သတင်းစာမျက်နှာဖြစ်တဲ့ Tai Freedone ဖေ့စ်ဘုတ်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ဒေသခံတချို့ နီးစပ်ရာဆွေမျိုးတွေဆီမှာ ခိုလှုံနေကြပြီး တိုက်ပွဲဖြစ်ပွားတဲ့ နမ့်တွတ်ရွာကို မပြန်ရဲကြသေးဘူးလို့ ရှမ်းပြည်အခြေစိုက်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
တိုက်ပွဲဟာ ကွန်ဟိန်းမြို့နယ် နမ့်တွတ်ဘက်ရှိ RCSSရဲ့ တပ်စခန်းကို SSPPက အင်အား၁၀၀ ခန့်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
တိုက်ပွဲဟာ ၃ နာရီကြာမြင့်ခဲ့ပြီး နှစ်ဖက်အကျအဆုံးကိုတော့ မသိရသေးဘူးလို့ RCSS/SSA ဘက်က ဆိုထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး RCSS/SSA က ဒေသခံတွေအတွက် မြေသားလမ်းသစ်ဖောက်လုပ်ရေးလုပ်ငန်းလုပ်ဆောင်နေတဲ့ လုပ်ငန်းခွင်ကို လုံခြုံရေးယူပေးထားတဲ့ SSPP/SSA တပ်သားတွေကို နှစ်ကြိမ်တိုက်လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ SSPP/SSA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
RCSS/SSA နဲ့ SSPP/SSA တို့ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာမှာ နောက်ဆုံးထိတွေ့တိုက်ပွဲလည်းဖြစ်ပါတယ်။