

ဇန်နဝါရီ ၁၇ ၊ တာလောကြီး
မြစ်ကြီးနားမြို့နယ် တာလောကြီးတိုက်နယ်မှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူတွေဟာ တစ်လကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်းစုံစမ်းသိရှိရပါတ်။
တိုက်နယ်အတွင်း တိုက်ပွဲပြန်လည်ငြိမ်သက်သွားကာ KIA+PDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ လယ်ယာရိတ်သိမ်းခွင့်ပြုလိုက်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ယခုလိုခွင့်ပြုလိုက်တာကြောင့် ဝိုင်းမော်မြို့နယ်သို့ စစ်ဘေးတိမ်းရှောင်နေထိုင်နေသူတစ်ချို့က တာလောကြီးတိုက်နယ်ရှိ ၎င်းတို့ကျေးရွာများထံ ပြန်လည်ဝင်ရောက်ပြီး လယ်ယာရိတ်သိမ်းနေကြမှုများ ရှိနေတယ်လို့ ဆိုပါတယ်။
တစ်ချို့ဟာတွေကပြန်သွားတယ် ပြန်တယ်ဆိုတာကလည်း အကုန်လုံးမပြန်ဘူး လယ်တွေဘာတွေသွားသိမ်းတာ PDF ဘက်သိမ်းခွင့်ပြုထားတယ်ပြောလို့ သွားပြီးသိမ်းတာတဲ့ မေးကြည့်လိုက်တော့ အခြေအနေတွေကအေ့လိုပုံစံပဲ’ ဟု စစ်ရှောင်ကူညီကယ်ဆယ်နေသူ ဝိုင်းမော်မြို့သားတစ်ဦးက ပြောပြပါတယ်။
တိမ်းရှောင်လာကြသူအများစုက တာလောကြီးတိုက်နယ်တွင်းရှိ ရွှေညောင်ပင်ကျေးရွာမှ ဒေသခံများအများဆုံးဖြစ်ပြီး ၎င်းကျေးရွာအနီးအနားရှိ ငှက်ပျောစိိုက်ပျိုးလုပ်ကိုင်သူ အလုပ်သမားများလည်း ပါရှိတယ်လို့ သိရပါတယ်။
ဝိုင်းမော်မြို့ပေါ်ရှိ သာဂရသရက်တောဘုန်းကြီးကျောင်း၊ အောင်ချမ်းသာဘုန်းကြီးကျောင်း၊ ခတ်ချိုမာန်အောင်ကျောင်း၊ အင်းလေးကျောင်း စတဲ့နေရာတွေအပြင် ရပ်ဆွေရပ်မျိုးအိမ်အသီးသီးမှာ နေထိုင်ခိုလှုံနေသူများလည်း ရှိနေတယ်လို့ဆိုပါတယ်။
သို့သော် တာလောကြီးတိုက်နယ်၊ရွှေညောင်ပင်ကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားဆဲဖြစ်ကာ ပူးပေါင်းတပ်ဖွဲ့များလည်း ကျေးရွာအနီးတစ်ဝိုက်တွင် ရှိနေဆဲဖြစ်တာကြောင့် တိုက်ပွဲအချိန်မရွေးပြန်လည်ဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြပါတယ်။