ဇန်နဝါ ၁၈ ၊ မြစ်ကြီးနား
၂၀၁၄ ခုနှစ်ကနေစတင်ပြီး လွတ်တော်အသီးသီးမှာ တင်ပြတောင်းဆိုခဲ့တဲ့ မြစ်ကြီးနားမြို့နယ် တာလောကြီး-ခေါင်ဖူးကျေးရွာချင်းဆက် ချောင်းကူးတံတားဟာ ကုန်ကျစရိတ်များပြားမှုကြောင့် ငြင်းပယ်ခံခဲ့ရပေမယ့် ဒေသခံတွေက ကိုယ်ထူကိုယ်က စတင်တည်ဆောက်မှုစတင်နေပြီလို့သိရပါတယ်။
“ ကျွန်တော်တို့ကလည်း လာမယ့် ၅ နှစ်မှာ တံတားမရသေးဘူးဆိုတော့ ဘာပဲဖြစ်ဖြစ် တစ်နှစ်ကိုနည်းနည်းနဲ့ တံတားတစ်စင်းရသွားအောင်လို့ ကိုယ့်အားကိုယ်ကိုးပြီးတော့ကြိုးစားကြမယ်ဆိုပြီးတော့မှ ၊ ဒီတံတားက ခေါင်ဖူးဘုရားကို သွားဖို့ အကျိုးပြုသလို တစ်ဖက်ကမ်းမှာရှိတဲ့ ခေါင်ဖူး ၊ ရွာသစ် ၊ ဦးလောက်ရွာ ရွာပေါင်းသုံးရွာ အဲ့ဒီကိုလည်း ဒေသဖွံ့ဖြိုးရေးအတွက် အသုံးဝင်တယ်ပေါ့လေ၊ ရံပုံငွေတွေရှာကြတာပေါ့” တာလောကြီးကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောပြပါတယ်။
ပေ ၁၅၀၀ ရှည်တဲ့ ကွန်ကရစ်တံတားအတွက် ကုန်ကျစရိတ် ကျပ်ငွေသန်းခုနှစ်ထောင့်ငါးရာ ရှိတာကြောင့် အရပ်သားအစိုးရလက်ထပ်နဲ့ စစ်ကောင်စီလက်ထပ်မှာ ငြင်းပယ်ခဲ့တာလည်းဖြစ်ပါတယ်။
တာလောကြီး-ခေါင်ဖူးချောင်းကူးတံတားအတွက် ၂၀၁၄ ခုနှစ်လွတ်တော်တွင်တစ်ကြိမ် ၊ ၂၀၁၇ ခုနှစ်မှာတစ်ကြိမ် ၊ ၂၀၁၉ ခုနှစ် အမျိုးသားလွတ်တော်မှာတစ်ကြိမ် ၊ ၂၀၂၁ ခုနှစ်ပြည်နယ်စစ်ကောင်စီကို တစ်ကြိမ် တင်ပြတောင်းဆိုခဲ့ပေမယ့် မရရှိခဲ့ဘူးလို့ ဒေသခံတွေဆီကနေသိရပါတယ်။
တာလောကြီး-ခေါင်ဖူးကျေးရွာဟာ ဧရာဝတီမြစ်ကျိုးအင်းခြားနေပြီး ဆောင်းရာသီမှာ ဒေသခံတွေကကိုယ်ထူ ကိုယ်ထ ဝါးတံတားထိုးပြီး သွားလာခဲ့ရတာ ဆယ်စုနှစ်တစ်ခုနီးရှိနေပြီလည်းဖြစ်ပါတယ်။
“ ဝါးတံတားတည်ဆောက်လာတာ ကြာပြီ ။ ကျွန်တော်တို့ မိုးလာပြီဆိုရင် ဒီတံတားကပျက်သွားပြီလေ ဆောင်းရာသီ နွေရာသီပဲသွားလို့ရတာ၊ ကုန်ကျစရိတ်ကတော့ ဒီနှစ်ကတော့ သိန်းငါးဆယ်ကျော်လောက်ပဲကုန်တယ်။ မနှစ်က ပစ္စည်းအဟောင်းတွေရှိတော့ လိုအပ်တဲ့ ဝါးတို့သစ်တို့ပဲပြန်ဖြည့်ရတာ” လို့ တာလောကြီးဒေသခံ ဦးတင်မြင့်က ဆိုပါတယ်။
ဝါးတံတားနေရာမှာ ကွန်ကရစ်တံတားတည်ဆောက်ဖို့အတွက် ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ဝန်းသိုဆရာတော်ဘုရားကြီးရဲ့ တပည့်သံဃာတွေ၊ ခေါင်ဖူးဘုရားဂေါပကအဖွဲ့ ၊ တာလောကြီး၊ ခေါင်ဖူး ကျေးရွာက ဒေသခံတွေပါဝင်ပြီး ဖွဲ့စည်းကြတာလို့ဆိုပါတယ်။
တံတားတည်ဆောက်မှုတွေကို စတင်နေပြီး ဇန်နဝါရီလ (၇) ရက်နေ့ကလည်း တံတားဖြစ်မြောက်ရေး ပထမအကြိမ်အလှူငွေပေးအပ်ခြင်းအခမ်းအနားမှာ ငွေကျပ်သိန်း ၄၈၀ နီးပါး အလှူရှင်တွေက ကနဦးထည့်ဝင်ထားကြတာဖြစ်တယ်လို့ သိရပါတယ်။