
ဖေဖော်ဝါရီ ၁၃ ၊ ချင်းမိုင်
နွေဦးတော်လှန်ရေးဟာ (၅) နှစ်တာကြာမြင့်လာပြီဖြစ်ပြီးတော့ ခရီးပန်းမှုဒဏ်တွေကိုလည်း ခံစားလာကြရတယ်လို့ NUG ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းက ပြည်ထောင်စုနေ့ အခမ်းအနားမှာပြောဆိုခဲ့ပါတယ်။
“ တော်လှန်ရေးခရီးဟာ( ၅) နှစ်တာကာလကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ခရီးဟာရှည်သင့်သလောက် ရှည်လာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံးဟာ ခရီးပမ်းမှုဒဏ်ကိုလည်း ခံစားလာကြရတာအမှန်ပါပဲ” လို့သူက ပြောပါတယ်။
တော်လှန်ရေးပန်းတိုင်ရောက်ဖို့အတွက် ယခုထက်ပို စုစည်းပြီးလုပ်ဆောင်ဖို့လိုအပ်တယ်လို့ ဆက်ပြောပါတယ်။
NUG နဲ့ မဟာမိတ်ခေါင်းဆောင်တွေ ၊ တော်လှန်ရေးအင်အားစုတွေ တွေ့ဆုံဆွေးနွေးမှုများကို ခပ်စိပ်စိပ်ပြုလုပ်လာပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေသလို စစ်ရေးအရှိန်မြှင့်တင်ဖို့ကိုလည်း ကြိုးစားနေကြောင်းကို သူကထည့်သွင်းပြောဆိုထားပါတယ်။
မကြာသေးမှီအချိန်ကလည်း NUG ဟာ KIA , KNU , KNPP , CNF တို့ပါဝင်တဲ့ (K3C ) တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ပြီး (၂၀၂၆ )ခုနှစ်မှာပြောင်းလဲတဲ့နှစ်အဖြစ်ဆောင်ရွက်မယ်လို့ KIA က ပြောပါတယ်။
တော်လှန်ရေးအောင်မြင်အောင် ဆင်နွှဲနိုင်ရေးအတွက် ပြန်လည်စုဖွဲ့ရေးများ လုပ်ဆောင်နိုင်ရန် အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) နဲ့ K3C (KIO၊ KNU၊ KNPP၊ CNF) တို့ တွေ့ဆုံ ဆွေးနွေးမှုများ ရှိနေကြောင်း KIO/ KIA မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောဆိုထားပါတယ်။
တော်လှန်ရေးကာလ ကြာမြင့်လာတဲ့အတွက် ထင်သာမြင်သာရှိတဲ့ အကျိုးရလဒ်တွေကို ဖော်ဆောင်နိုင်ဖို့လိုအပ်တယ်လို့ မန်းဝင်းခိုင်သန်းက ပြီးခဲ့တဲ့နှစ်က ပြောဆိုခဲ့ပါသေးတယ်။
(၅) နှစ်တာ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ သုံးသန်းကျော်ရှိနေပြီး အကူအညီများစွာလိုအပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်အရသိရပါတယ်။
ကာလရှည်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ အကြိမ်ကြိမ် ပေါ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ အရပ်သား ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဟန့်တား နှောင့်ယှက်နေတဲ့အတွက် မြန်မာနိုင်ငံတစ်ဝန်း စားနပ်ရိက္ခာ ဆိုးရွားစွာ မလုံလောက်မှု အခြေအနေတွေကို ဆက်လက်ရင်ဆိုင်နေရပါတယ်လို့ (UNOCHA) က ထုတ်ပြန်ထားပါတယ်။
