ပင်လည်ဘူးမြို့မှာတိုက်ပွဲဖြစ်ပွားနေပြီးလေယာဉ်နဲ့ဗုံးကျဲမှုတွေလည်းရှိနေ 

ဧပြီ ၉ ၊ ပင်လည်ဘူး 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ပင်လည်ဘူးမြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ ဧပြီလ (၇) ရက်နေ့ ညသန်းခေါင်ကစ တိုက်ပွဲဖြစ်ပွားနေပြီးတော့  ဧပြီလ ၈ ရက်နေ့မနက်ပိုင်းမှာ လေယာဉ်တွေနဲ့ ဗုံးကျဲမှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

“ ဒီနေ့ (၁၂) နာရီစဖြစ်တယ်နဲ့တူတယ်။​မနက်က (၈)နာရီအထိဖြစ်ကြတာနဲ့တူတယ်။ လေယာဉ်နဲ့လာဝဲသွားတယ် ၊ ဒီနေ့သတင်းအရကလည်း ပင်လည်ဘူးဝင်ပေါက်ထွက်ပေါက်တွေအားလုံးပိတ်ထားတယ်လို့ ရထားတယ်။ ” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ 

ဒီတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာပဲ ဒေသခံကာကွယ်ရေးတပ်တွေက မြို့ဝင်မြို့ထွက်တွေကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ 

လေယာဉ်ဗုံးကျဲမှုတွေကြောင့် ပျက်စီးသွားတဲ့ အခြေအနေတွေကိုတော့ မသိရှိရသေးပါဘူး ။ 

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းဖြတ်တောက်ခံထားရတောကြောင့် တိုက်ပွဲအသေးစိတ်နဲ့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေကို အတည်ပြုနိုင်ဖို့ ခက်ခဲနေပါတယ်။ 

ပင်လည်ဘူးမြို့နယ်မှာ ဒီရက်ပိုင်းလည်း ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေက မကြာခဏဖြစ်ပွားနေပြီး လမ်းပိုင်းတချို့ဖြစ်တဲ့ ကပ်ပံသာကျေးရွာ ၊ မံစီလေးကျေးရွာ စတဲ့ကျေးရွာချင်းဆက်လမ်းတွေ ပိတ်ထားတယ်လို့ ဧပြီလ ၃ ရက်နေ့က ခရီးသွားခဲ့သူတစ်ဦးက ဆိုပါတယ်။ 

ပင်လည်ဘူးမြို့နဲ့ ဗန်းမောက်မြို့နယ်ချင်းဆက်လမ်းက မံစီလေးကျေးရွာမှာ နေအိမ်တချို့မီးလောင်ပျက်စီးမှုရှိခဲ့ပြီး ဘယ်သူ့လက်ချက်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ 

ပင်လည်ဘူးမြို့မှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီအစက ဖြစ်ပွားခဲ့တဲ့ မြို့ပေါ်တိုက်ပွဲမှာလည်း မြို့ပေါ်နေထိုင်သူအားလုံးနီးပါးစစ်ဘေးတိမ်းရှောင်ခဲ့ကြရတာပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *