ပြည်တွင်းကစစ်ဘေးဒုက္ခသည်၁.၂သန်းရှိလာပြီးနေရပ်စွန့်ခွာရသူရှစ်သိန်းထိရှိလာ
ပြည်တွင်းမှာ စစ်ဘေးဒုက္ခသည် ၁.၂ သန်းရှိလာပြီး နေရပ်စွန့်ခွာရသူ ရှစ်သိန်းထိရှိလာတယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် ND Burma က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့ ဇွန်လ ၂၀ ရက်နေ့က ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ထုတ်ပြန်တာဖြစ်ပြီး အိမ်နီးနားချင်းနိုင်ငံတွေ အနေနဲ့ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်နဲ့ ပဋိဉာဉ်တွေကို လေးစားလိုက်နာဖို့ တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။
နေ့စဉ်နေ့တိုင်း အကြမ်းဖက်ခံရမှုမှ ထွက်ပြေးတိမ်းရှောင်လာသူတွေရဲ့ အကာအကွယ်ပေးရေး လမ်းကြောင်းထားရှိဖို့နဲ့ ဒုက္ခသည်တွေရဲ့ ဂုဏ်သိက္ခာကို မြင့်တင်ဖို့အတွက်လည်း တောင်းဆိုထားပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ဖို့ ခက်ခဲလာသလို စစ်တပ်ကနေလည်း အတိုက်အခံအားကောင်းတဲ့နေရာတွေကို သတင်းစီးဆင်းမှုပြတ်တောက်စေဖို့အတွက် ဖုန်းနဲ့အင်တာနက်လိုင်းဖြတ်တောက်မှုတွေကို ဆောင်ရွက်ထားခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ တွေဘက်ကို ထွက်ပြေးတိမ်းရှောင်မှုတွေရှိခဲ့ပေမယ့် အရေအတွက်ကိုတော့ အတိအကျမသိရှိရပါဘူး။
မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းဒေသတွေမှာ နေ့စဉ်နဲ့အမျှတိုက်ပွဲတွေက ရှိနေပြီး စစ်ကိုင်းတိုင်းမှာ စစ်ဘေးတိမ်းရှောင်ရသူအများဆုံးဖြစ်နေတယ်လို့ ISP myanmar ရဲ့ စာရင်းပြုစုထားမှု အရ သိရပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် အသစ်တိုးလာတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်ရဲ့ ၃၂ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ သုံးသိန်းခွဲကျော်က စစ်ကိုင်းတိုင်းက ဖြစ်ပြီး ဒုတိယက ကရင်နီ(ကယား)ကဖြစ်ပြီး ဒုက္ခသည် တစ်သိန်းခွဲကျော်ရှိနေတာလည်းဖြစ်တယ်လို့ ISP စာတမ်းကဆိုပါတယ်။