ဖားကန့်မြို့နယ်စပျစ်ခူးကျေးရွာတစ်ရွာလုံးရှိအမျိုးသားများကိုစစ်ကောင်စီအဖွဲ့ဝင်တွေကဖမ်းဆီးခေါ်ဆောင်သွား

မတ် ၁ ၊​ ဖားကန့် 

  ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပျစ်ခူးကျေးရွာတွင် ကျေးရွာအတွင်းရှိ အမျိုးသားများအားလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၇ရက် နေ့  ည(၁၁) နာရီအချိန်မှာ  ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။ 

  ကျေးရွာအတွင်းရှိ အမျိုးသားများကို စစ်ဆေးမေးမြန်းစရာ ကိစ္စရပ်ရှိသည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး  သုံးရက်ကြာသည်အထိ တစ်ဦးတစ်ယောက်မျှလွှတ်မြောက်ခြင်း မရှိသေးဘူးဟုလည်း ဆိုပါတယ်။ 

   “ ကျနော်ကြားတာက တစ်ရွာလုံးမှာရှိတဲ့ ယောင်္ကျားလေးအကုန်လုံးပဲ  ၂၇ရက်နေ့ညမှာဟုတ်တယ် စစ်ဆေးဖို့ခေါ်သွားတာ မလွှတ်သေးဘူး”  ဖြစ်စဉ်ကိုသိရှိသူ ဆိပ်မူဒေသခံတစ်ဦးက ပြောပြပါတယ်။ 

  စပျစ်ခူးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကင်းလှည့်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် ကျေးရွာရှိအမျိုးသားများကို အခုလို စစ်ဆေးဖို့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ကြောင်း ဒေသခံတစ်ချို့က ပြောဆိုနေကြပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းမှာ ဖေဖော်ဝါရီလဆန်းကလည်း မှော်စီဇာကျေးရွာက အမျိုးသား ၂၀ ကျော်ကိုလည်း စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတင်းပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ 

ဖားကန့်မြို့နယ်မှာ KIA PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ ထိတွေ့မှုတွေရှိနေဆဲလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *