ဖားကန့်မြို့နယ်ထဲ ဒီဇင်ဘာ(၁၀)ရက်နေ့ အသံတိတ်သပိတ်မှာ ပါဝင်ဖို့နဲ့ မပါဝင်ဖို့ နှစ်ဖက်လက်နက်ကိုင်တွေ သတိပေးမှုရှိနေ

ဒီဇင်ဘာ ၉ ၊ ဖားကန့် 

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်အတွင်းမှာ မနက်ဖြန်ဒီဇင်ဘာ(၁၀)ရက်နေ့ လူ့အခွင့်အရေးနေ့မှာပြုလုပ်မယ့် အသံတိတ်သပိတ်(Slient Strike) ထဲ မပါဝင်ဖို့ စစ်ကော်မရှင်တပ်ဖွဲ့များက လိုက်လံသတိပေးပြောဆိုမှုတွေရှိနေကြောင်း ဖားကန့်ဒေသခံများထံမှ သိရပါတယ်။

အလားတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (KIA+PDF) ပူးပေါင်းတပ်ဖွဲ့များကလည်း သပိတ်မှာပါဝင်ဖို့ ဆော်သြမှုတွေလည်း ရှိနေတယ်လို့ ဆိုကြပါတယ်။

မနက်ဖြန်က ပိတ်ခိုင်းတာက တစ်ဖွဲ့ မပိတ်နဲ့ ပြောတာက တစ်ဖွဲ့  တစ်ခြမ်းပိတ်ပြီး တစ်ခြမ်းဖွင့်ကြရမလားမသိဘူး စကမ (စစ်ကော်မရှင်) တွေက ဖားကန့်ထဲ ပတ်ပြီး စျေးဆိုင်တွေ မနက်ဖြန် မပိတ်ဖို့ လိုက်ပြောတယ် KIA+PDF တွေက ပိတ်ဖို့ပြောတယ်” လို့  ဒေသခံတစ်ဦးက ပြောပြပါတယ်။

စစ်တပ်ဘက်က ဒေသအတွင်းရှိ စျေးဆိုင်များကို မပိတ်ကြဖို့နဲ့  ပုံမှန်ဖွင့်လှစ်ခြင်းမရှိပါက အရေးယူမှုတွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  မနက်(၁၀)နာရီကနေ ညနေ(၃)နာရီထိ အပြင်မထွက်အသံသပိတ်အဖြစ် ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုထားကြပါတယ်။ 

မနက်ဖြန် ဒီဇင်ဘာ(၁၀)ရက်နေ့ အသံတိတ်သပိတ်မှာပါဝင်ပြီး  နိုင်ငံရေးအကျဉ်းသားများကိုချက်ချင်းလွှတ်ပေးရေး၊ စစ်တပ်ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့  စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဖို့စတဲ့ အချက်သုံးချက်ကို  ဖော်ထုတ်တောင်းဆိုကြဖို့ တိုက်တွန်းမှုတွေရှိနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *