နိုဝင်ဘာ ၁၀ ၊ ဖားကန့်
ဖားကန့်မြို့နယ်အတွင်း ခြိမ်းခြောက်ဓားပြတိုက်ခံရမှု ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး လုံးခင်းကျေးရွာအုပ်စုအတွင်းမှာ လုယက်မှု အများဆုံးအဖြစ်များနေတာဖြစ်တယ်လို့ ဒေသခံများရဲ့ ပြောဆိုမှုအရ သိရပါတယ်။
အများအားဖြင့် ကျောက်ရောင်းဝယ်မှုပြုလုပ်သူများ၊ ရွှေဆိုင်များ၊ စတိုးဆိုင်များ၊ စားသောက်ဆိုင်များ၊ အရောင်းအဝယ်ကောင်းမွန်ပြီး ပိုမိုဖွံ့ဖြိုးသောဆိုင်များ၊ ဝင်ငွေကောင်းတဲ့ သူတွေကို ပစ်မှတ်ထား လုယက်ဓားပြတိုက်မှု ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
“ ခုလောလောဆယ်ပေါ်လစီအတိုင်း ညပိုင်းကျတော့ ကျောက်ဝယ်တဲ့သူတွေက လုံးခင်းမှာအနေများတယ်လေ ဒီဘက်ကိုပြန်ဖို့ သွားဖို့လာဖို့ခက်ခဲခါကျတော့ တရုတ်ပြည်ကနေကျောက်လာဝယ်တဲ့ တရုတ်တွေပဲဖြစ်ဖြစ် ဗမာပဲဖြစ်ဖြစ် တစ်ခြားတိုင်းရင်းသားတွေပဲဖြစ်ဖြစ် ကျောက်ဝယ်ပြီးရင်လုံးခင်းမှာပဲ အခန်းငှားနေကြတာ အေ့လိုမျိုးပေါ့ ကျောက်ဝိုင်းထဲမှာလဲ ကျောက်တွေနှစ်ရာသုံးရာ ဝယ်ကြတာလေ သူတို့ဆီမှာ ပိုက်ဆံရှိတယ်ဆိုတာသေချာသလောက်ရှိတယ်လေ” ဟု ဖားကန့်ဒေသခံတစ်ဦးက ဆိုပါတယ်။
CCTV မှတ်တမ်းများနဲ့ ရပ်ကွက်တွေအတွင်း ပြောပြချက်များအရ လုယက်ကျူးလွန်နေသူတွေက အသက်(၂၀) ဝန်းကျင်ရှိတဲ့ လူငယ်များသာဖြစ်ကြတယ်လို့ ဆိုပါတယ်။
ယခုလိုဓားပြတိုက်မှုများကို ကာကွယ်တားဆီးနိုင်မှုတွေလည်း ရှိမနေဘဲ စိုးရိမ်ထိတ်လန့်မှုများနဲ့သာ နေထိုင်သွားလာနေကြရတယ်လို့ လုံးခင်းကျေးရွာသားတစ်ဦးက ဆိုပါတယ်။
“ အေ့လိုမျိုးလုပ်ဆောင်ဖို့ကတော့ မလွယ်ပါဘူး ပြည်သူတွေက သေနတ်မှကိုင်လို့မှမရတာ သေနတ်နဲ့လာတိုက်တာကိုး ဓားနဲ့ဆိုလည်းတစ်မျိုးလေ သေနတ်နဲ့ဆိုတော့ ဘယ်လိုမှရှောင်မရဘူးလေ ပစ်ခတ်သွားတာတော့မရှိဘူး ဒါပေမယ့်သေနတ်တွေက အစစ်လေ” လို့ ၎င်းက ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်းရှိ ဖားကန့် ၊ဆိပ်မူ၊လုံးခင်း စတဲ့ကျေးရွာနဲ့ မြို့အပြင် မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးတွေမှာ ယခင်က ရပ်ကွက်အုပ်ချုပ်ရေးမှုးများ ၊ကျေးရွာလူကြီးများရှိခဲ့ကြပေမယ့် ယခုအချိန်တွင် တစ်ဦးတစ်လေမျှ ရှိမနေဘူးဟု သိရပါတယ်။
လုံးခင်းကျေးရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ မိုးရတနာရွှေဆိုင် နှင့် ဂျာနူး ငွေလွဲငွေထုတ် ဆိုင် နှစ်ခု ဓားပြတိုက်ခံရပြီး ငွေသိန်း ထောင်ချီနှင့် ရွှေပိသာချိန် ပါသွားတယ်လို့ လူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။