မေ ၂၃ ၊ ဖားကန့်
ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ယွန်းလက်ဖက်ရည်ဆိုင်အရှေ့တွင် မေလ ၂၂ ရက်နေ့ နေ့လည်၂နာရီခွဲအချိန်ခန့်၌ အမျိုးသားတစ်ဦးကို လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ယွန်းလက်ဖက်ရည်ဆိုင်ရှေ့အပစ်ခံရတာတဲ့ ဖားကန့်ထဲကပဲသူက ကျောက်ရောင်းကျောက်ဝယ်လုပ်တာလို့တော့ကြားတယ် ခေါင်းကိုထိသွားတာ” လို့ မှော်ဝမ်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောပြပါတယ်။
ပစ်ခတ်ခံရသူက ဖားကန့်မြို့အတွင်းနေထိုင်သူ ကိုဇော်တူးဆိုသူဖြစ်ပြီး အသက်(၄၇)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးဖြစ်ကာ ၎င်းက အဆိုပါလက်ဖက်ရည်ဆိုင်ရှေ့အရောက်တွင် ဆိုင်ကယ်စီးနှင်းလာသော လူ(၂)ဦးက သေနတ်ဖြင့် ဦးခေါင်းကိုပစ်ခတ်သွားသည်ဟု မျက်မြင်တွေ့သူများက ဆိုကြပါတယ်။
ဦးခေါင်းကျည်ထိမှန်သွားမှုကြောင့် ဖားကန့်ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ကြပြီး ဆေးရုံတွင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ် ။
ကိုဇော်တူးကို ပစ်ခတ်တိုက်ခိုက်သွားသော အဖွဲ့အစည်း (ဒါမှမဟုတ်) မည်သူမည်ဝါများဖြစ်သည်ကို မသိရှိရသေးဘဲ ဘာကြောင့်အပစ်ခံရတယ်ဆိုတာကိုလည်း မသိရှိသေးပါဘူး။
မှော်ဝမ်းရပ်ကွက်အတွင်းမှာ ၂၀၂၃ ခုနှစ် လေးလအတွင်းမှာပဲ အမည်မသိ လက်နက်ကိုင်တွေရဲ့ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရသူ (၃) ဦးအထိရှိလာပြီလည်းဖြစ်ပါတယ်။
ဖားကန့်မြို့ လုံးခင်းအုပ်စု မှော်စီစာကျေးရွာတွင် မေလ၂၁ ရက်ကလည်း ရိုက်နှက်ဒဏ်ရာများပါရှိသော အမည်မသိအလောင်းတစ်လောင်း ဥရုချောင်းအတွင်းမျှောပါလာသည်ကို ကျေးရွာအတွင်းနေထိုင်သူများက တွေ့ရှိခဲ့ကြပါတယ်။