ဒီဇင်ဘာ ၇ ၊ ဖားကန့်
ဖားကန့်မြို့နယ် မှော်ပုံကျေးရွာ အနောက်တောင်ပေါ်တောထဲမှာ ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၄ နာရီမှာ KIA PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ညနေ ၄ နာရီကနေစတင်လိုက်တဲ့ တိုက်ပွဲဟာ ည ၂ နာရီမှ အသံစဲသွားပြီး တိုက်ပွဲ ဆယ်နာရီနီးပါးကြာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း မှော်ပုံ(မဒဲယန် )ဆန်ခါ ၊ ဆိုင်းရာ ၊ မဇွပ်ယန် ၊မှော်စီစာ၊ ကုဋေစတဲ့ကျေးရွာတွေနားကို စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ မျက်မြင်တွေ့ရသူတွေထံကသိရပါတယ်။
လက်နက်ကြီးကျည်တွေဟာ မဇွပ်ယန်ရွာတွင် (၂) လုံး၊ဆန်ခါရွာဘောလုံးကွင်းထဲ(၁)လုံကျရောက်ခဲ့ပြီး မှော်ဘုံ (မဒဲယန်) ရွာထဲနဲ့ ရွာဘေးကိုလည်း လက်နက်ကြီးကျရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့မှာ မှော်ပုံကျေးရွာထဲကို စစ်ကောင်စီတပ်တွေရောက်ရှိလာကာ ဒေသခံတချို့ကို ဖမ်းဆီးခဲ့ပြီး တချို့ပြန်လွတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပြန်မလွတ်ဘဲဖမ်းဆီးထားသူတွေကို စစ်ကောင်စီဘက်က အရေးယူသွားမယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့ ညနေခြောက်နာရီခွဲအချိန်မှာ ထောင်စခန်းကနေပစ်ခတ်ခဲ့တဲ့ RPG လက်နက်ကျည်ဟာ မှော်ပုံရွာဦး ဓမ္မာရုံအပေါ်ခေါ်မိုးဖောက်ပြီးကျရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဓမ္မာရုံရဲ့အောက်ထပ်မှာလည်း စစ်ရှောင် ၁၂၀ လာရောက်တိမ်းရှောင်နေကြတဲ့အချိန်လည်းဖြစ်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ၇ ရက်နေ့မှာ တိုက်ပွဲတွေကပြန်ငြိမ်သက်နေတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောဆိုကြပါတယ်။