ဖားကန့်မြို့မှာစက်သုံးဆီပြတ်လပ်မှုနှစ်ပတ်ကျော်ရှိလာပြီ 

2021 ခုနှစ်ဖားကန့်မြို့ စက်သုံးဆီဆိုင်များပြတ်လပ်နေစဉ်

ဖားကန့်မြို့နယ်ကို တင်သွင်းတဲ့ ဓာတ်ဆီကားတွေကို စစ်ကောင်စီတပ်ပိတ်ဆို့ထားမှုကြောင့် ဆီပြတ်လပ်မှုဖြစ်ပေါ်နေတာ နှစ်ပတ်ကျော်ကြာမြင့်နေပြီလို့ သိရပါတယ်။ 

ဖားကန့်အနန့်ပါဒေသကို စစ်ကောင်စီတပ်တွေ လေယာဉ်ဗုံးကျဲတိုက်ခိုက်ပြီးနောက် ဖားကန့်မြို့ကိုတင်ပို့မယ့် ဓာတ်ဆီကားတွေကို နန့်ယားကျေးရွာမှာ တားဆီးထားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ 

တရားဝင်လိုင်စင်ရထားတဲ့ စက်သုံးဆီဆိုင်တွေက ဓာတ်ဆီပြတ်လပ်မှုကြောင့် ပိတ်ထားကြပြီး လမ်းဘေးဆိုင်တွေဆီကနေ ဓာတ်ဆီတစ်ဂါလံ ကျပ်နှစ်သောင်းကနေ နှစ်သောင်းခွဲပေးဝယ်ယူနေရတယ်လို့ ပြောကြပါတယ်။ 

“ အခုကတော့ တာမခံကနေ ပုံးတွေနဲ့ ဆိုင်ကယ်တွေနဲ့သွားသယ်ကြတယ်တဲ့ ဝယ်ရောင်းလုပ်တဲ့သူတွေပေါ့ကွာ၊ တာမခံက အရင်က ဆီကျန်တွေရှိထားလို့လား အဲ့မှာက အသုံးနည်းလို့ဆီကျန်တွေဘာတွေရှိတာကိုး ၊ ဒီဘက်မှာက သုံးတဲ့လူပိုများတာလေ၊ အခုငါတို့တောင်မှ ဆီမရှိလို့ ကားတောင်မမောင်းရဘူး” လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ဓာတ်ဆီရဖို့အတွက် လမ်းဘေးတွေမှာ ရောင်းချနေတဲ့ဆိုင်ဖွင့်ချိန်ကို စောင့်ဆိုင်းတန်းစီဝယ်ယူရပြီး တစ်ဦးကို နှစ်ဂါလံသာရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ 

“ ဆိုင်သေးသေးလေးတွေမှာသွားရောင်းနေတာလေ၊ ညနေပိုင်းတွေမှာတို့  မနက်ပိုင်းတစ်ချိန်တစ်ချိန်ရောင်းတယ်လေ အဲ့လိုမျိုး၊ ဆိုင်ကြီးတွေဆီကနေတဆင့်ရောင်းခိုင်းတဲ့သဘောရှိတယ်။ သူတို့ဆိုင်ကြီးတွေမှာ စျေးအရမ်းတင်တဲ့အခါကျတော့ မရောင်းချင်လို့ တဆင့်ရောင်းခိုင်းတာလားမသိဘူး” လို့ ဆိပ်မူကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ 

ဆီပြတ်လပ်မှုဖြစ်ပေါ်နေတယ်လို့ ဆိုပေမယ့် ဖားကန့်မြို့ကို အင်းတော်ကြီးဒေသကနေတဆင့် ၁၂ ဘီးကားတွေနဲ့ စက်သုံးဆီ နေ့စဉ်ဝင်ရောက်မှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။ 

၂၀၂၂ ခုနှစ် ဧပြီလမှာလည်း  ဖားကန့်မြို့မှာ စက်သုံးဆီစျေး တစ်ဂါလံကို ကျပ်သုံးသောင်းအထိမြင့်တက်ခဲ့ဖူးပြီး ပြတ်လပ်မှု ရက်သတ္တတစ်ပတ်ကျော်ကြာမြင့်ခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *