ဗန်းမောက်မြို့နယ်မီးသတ်ဦးစီးဌာနမြို့နယ်မှူးသေနတ်ဖြင့်ပစ်သတ်ခံရ 

၂၀၁၉ ခုနှစ်မှာ ဗန်းမောက်မြို့ရှိစာသင်ကျောင်းတစ်ခုမှာ မီးဘေးအန္တရာယ်တားဆီးရေးလုပ်နေသည့် ဦးခူးပိုလီကပ်ကိုတွေ့ရစဉ်

မတ် ၁၆ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်ရဲ့ မီးသတ်ဦးစီးဌာန မြို့နယ်မှူး ဦးခူးပိုလီကပ်ကို မတ်လ ၁၅ ရက်နေ့မှာ လူငယ်သုံးဦးက သေနတ်ဖြင့်လာရောက်ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ 

“ ရုံးဝန်းအတွင်းမှာ  ရုံးနံဘေးနား သူ့သားကိုထမင်းကျွေးနေတဲ့ သုံးယောက်ဝင်လာတာ ဝင်လာတာပြီးမှ မျက်နှာချင်းဆိုင်လာပစ်သွားတာ။ ရင်ဘတ်မှာတစ်ချက် ခါးမှာတစ်ချက် ပထမတစ်ချက်ပစ်တာကို ရင်ဘက်မှာမှန်တာလေ၊ လဲသွားတဲ့အခါကို နောက်တစ်ချက်ထပ်ပစ်တော့ ခါးကိုထိတယ်။ ပစ်တာက သုံးချက်ပစ်တာ။ နှစ်ချက်ထိတာ” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်မှာ သေနတ်ကိုင်ဆောင်ထားသူသုံးဦးက  မီးသတ်ရုံးဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာထဲကို ဝင်ရောက်ခဲ့ပြီး  မြို့နယ်မှူး ဦးခူးပိုလီကကို အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

သူ့ကို သေနတ်ဒဏ်ရာနဲ့ ဗန်းမောက်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ညနေ ၅ နာရီဝန်းကျင်မှာ သေဆုံးသွားခဲ့တယ်လို့ မီးသတ်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။ 

“  မီးသတ်ဆိုတာ မီးငြိမ်းသတ်မယ် လူမှုအကျိုးပြုပဲလုပ်မယ်၊ အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့ ဝန်ထမ်းလည်းမဟုတ်ဘူးလေ၊ ပြောမယ်ဆိုလို့ရင် လက်နက်မရှိတဲ့လူကိုလုပ်သွားတော့ ဘယ်ကောင်းမလဲ ၊ ဘယ်တရားမလဲ” လို့ သူကဆက်ပြောပါတယ်။ 

အခုလို လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးတော့ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ 

ဗန်းမောက်မြို့နယ်တွင်   ၂၀၂၂ ခုနှစ် ဧပြီလမှာ PDF တွေနဲ့ ရဲတပ်ဖွဲ့တွေရဲ့ ကိုဗစ်ကာကွယ်ဆေးစစ်ဆေးရေးဂိတ် ထိတွေ့တိုက်ပွဲအတွင်း မီးသတ်တပ်ဖွဲ့ဝင်(၁)ဦး ကျည်ဆန်ထိမှန်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *