ဗန်းမောက်မြို့နယ်ရှိ ကတူးတိုင်းရင်းသား စစ်ဘေးရှောင်များကို ရှမ်းနီနဲ့ကတူး အရပ်ဘက်အဖွဲ့စည်းတွေက ကူညီ

နိုဝင်ဘာ ၁၃ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းက မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲကမှ ကတူးတိုင်းရင်းသားအများစုနေထိုင်တဲ့ ကျေးရွာ တွေက စစ်ဘေးရှောင်တွေကို ကူညီပေးနေတယ်လို့သိရပါတယ်။ 

နိုဝင်ဘာလ ၁၂ ရက်နေ့မှာ အလယ်ရွာ ၊ ကံရွာ ၊ လက်ပံကျင်း ၊ နမ့်မွန်းခေါင် စတဲ့ ကျေးရွာတွေက စစ်ဘေးရှောင် နှစ်ရာနီးပါးကို ရှမ်းနီနဲ့ကတူးအရပ်ဘက်အဖွဲ့အစည်းတွေက ငွေသားတချို့ ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။ 

ကတူးလူငယ်များအဖွဲ့ချုပ် ၊ ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ် ၊ ရှမ်နီးလှူမှုရေးအသင်း(မန္တလေးမြို့) နဲ့ ကြာကြီးကွင်းကျေးရွာ ပြည်သူ့စစ်(ကချင်ပြည်နယ်) တို့က စစ်ဘေးရှောင်ကော်မတီဆီကိုလှူဒါန်းခဲ့တာဖြစ်ပြီး အဲ့ဒီကော်မတီကနေ တဆင့် စစ်ဘေးရှောင်တွေကို ပြန်လည်ကူညီပေးခဲ့တာလို့ သိရပါတယ်။ 

လူတစ်ယောက် လေးသောင်းခွဲနှုန်းနဲ့ စစ်ရှောင်ကော်မတီက သွားရောက်လှူဒါန်းပေးခဲ့တာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

ဒါ့အပြင် မံစီကြီးဘုန်းတော်ကြီးကျောင်းတိုက်အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ကတူးတိုင်းရင်းသားစစ်ရှောင်တွေကိုလည်း မံစီကြီးဒေသစိတ်သျှမ်းနီစာပေနှင့်ရိုးရာယဥ်ကျေးမှုကော်မတီက စားနပ်ရိက္ခာတချို့ကိုကူညီလှူဒါန်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

စစ်ဘေးတိမ်းရှောင်ကြတဲ့ ဒေသခံတွေဟာ စစ်ရှောင်ချိန်ကြာမြင့်လာတာကြောင့် စားနပ်ရိက္ခာလိုအပ်ချက်တွေနဲ့ ဆေးဝါးလိုအပ်ချက်တွေလည်း မြင့်မားလာနေတယ်လို့ သိရပါတယ်။ 

စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ကြိုးစားနေတယ်လို့ အဲ့ဒီအဖွဲ့တွေက ဆိုပါတယ်။ 

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့်  ခိုပြင်ကျေးရွာမှအိမ်ထောင်စု(၃၀)စု၊ ညောင်သာယာကျေး ရွာမှအိမ်ထောင်စု(၂၁)စု၊ သခွက်တာ ၊ ခိုနန်း ကျေးရွာများမှာ လူဦးရေ ၂၀၀ ကျော် ၊ ဗန်းမောက်မြို့ပေါ်နေ အိမ်ထောင်စု(၅၀၀)ကျော်တို့က စစ်ဘေးလွတ်ရာကျေးရွာတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *