အောက်တိုဘာ ၂၃၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ ၂၀၂၂ ခုနှစ် အတွင်းက ပိတ်ခံထားရတဲ့ ဖုန်းလိုင်းတချို့ ယခုရက်ပိုင်းအတွင်း ပြန်ဖွင့်လာခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ဗန်းမောက်မြို့နယ်မှာ MPT အော်ပရေတာကလွဲပြီး ကျန်သည့် ဖုန်းလိုင်းများအားလုံးကို တစ်နှစ်ကျော်ကြာသည်အထိ ပိတ်ထားခဲ့တာလည်းဖြစ်ပါတယ်။
“ အေးဖုန်းလိုင်းတွေပွင့်တော့ ဆက်သွယ်ရတာလွယ်သွားတာပါ့” လို့ ဗန်းမောက်မြို့ခံ တစ်ဦးက ပြောပါတယ်။
ယခု အောက်တိုဘာလဝက်ကနေစပြီးတော့ ပိတ်ခံထားရတဲ့ Atom နှင့် အော်ရီဒူး လိုင်းတွေက ပြန်ဖွင့်ပေးခဲ့တာဖြစ်ပြီး အင်တာနက်လိုင်းတွေကတော့ ပိတ်ပင်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။
အင်တာနက်ပိတ်ပင်ခံထားရပေမယ့် ဖုန်းဆင်းကဒ်မှတ်ပုံတင်ဖို့အတွက် ဗန်းမောက်မြို့နယ်အတွင်းရှိ ဆင်းကဒ်တွေကို အော်ပရေတာတွေက နေ့စဉ်နီးပါး စာတိုပေးပို့တာ၊ ဖုန်းဖြင့်ဆက်သွယ်ပြောဆိုတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။
“ အော်ပရေတာတွေက ဆင်းကဒ်တွေကိုမှတ်ပုံတင်ခိုင်းတာ ခဏခဏပို့နေတာကိုး ၊ တင်ချင်ပေမယ့်ငါတို့က တင်လို့မရဘူးလေနော့် တင်တက်တဲ့သူတွေကို ပိုက်ဆံနှစ်ထောင်ပေးပြီးတော့ မှတ်ပုံတင် ဟိုဘက်ဒီဘက်ရိုက်ပြီးတော့ တင်ခိုင်းရတယ်” လို့ ဗန်းမောက်မြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
Atom ၊ အော်ရီဒူး နှင့် စစ်တပ်ပိုင် Mytel တို့ရဲ့ ဖုန်းလိုင်းဖြတ်တောက်ထားရတဲ့ အကြောင်းအရာကိုမသိရပေမယ့် စစ်ရေးပဋိပက္ခတွေကြောင့်လို့ ဒေသခံတွေက သုံးသပ်ထားကြပါတယ်။
ဗန်းမောက်မြို့နယ်အတွင်း တစ်ခုတည်းသာ ဖုန်းလိုင်းရရှိတဲ့ MPT ဖုန်းလိုင်းများ 2G စနစ်နဲ့ ဖြန့်ဝေထားတာဖြစ်ပြီး တာဝါတိုင်များ ပြုပြင်ဖို့အခက်အခဲတွေကြောင့် ရာသီဥတုအခြေအနေတွေအရ ဖုန်းလိုင်းမကြာခဏပြတ်တောက်တာလို့ MPT နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။
စစ်ရေးပဋိပက္ခပြင်းထန်တဲ့ ဗန်းမောက်မြို့နယ်ကို ၂၀၂၂ ခုနှစ်ကတည်းက အင်တာနက်လိုင်းများဖြတ်တောက်ခြင်းခံထားရတာလည်းဖြစ်ပါတယ်။