မေ ၂၆ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ် ဒေသအခေါ် အနောက်တန်းငါးရွာရှိ နောင်ကန်ရွာအတွင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ စုံစမ်းသိရရှိရပါတယ်။
“ ည ၉ နာရီ ၁၅ မိနစ်မှာ ၊ ဘုရားမှာ နှစ်လုံးပေါ့၊ ဘိုးတော်ကြီးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်၊ ကောင်မလေးက ၂၆ လောက်ရှိမယ်” လို့ အနောက်တန်းငါးရွာ ဒေသခံတစ်ဦးက ပြောပြပါတယ်။
Jet fighter ဖြင့်ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူဟာ အသက် ၆၆ အရွယ် ဦးဘသောင်းနှင့် ၊ အသက် ၂၆ နှစ်အရွယ် မစန္ဒာဝင်းတို့ဖြစ်ကြောင်းသိရပါတယ်။
KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ အနောက်တန်းငါးရွာအတွင်းကို ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်ကာလအတွင်းရောက်ရှိလာခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။
အနောက်တန်းငါးရွာအတွင်းမှာ မံနား၊ နောင်ကန်၊ ပါပျဉ်းခမ်း၊ ဝှေမံကော် ၊ နောင်ကွက် စတဲ့ကျေးရွာတွေပါဝင်ပြီး ဗန်းမောက်မြို့၏ အနောက်ဘက်တွင်တည်ရှိသည့် ကျေးရွာများဖြစ်ပါတယ်။
ဗန်းမောက်အနောက်ဘက်ဒေသတွေမှာ စစ်ကောင်စီက KIA+PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲ ၅ ရက်အတွင်း ဗုံးကျဲတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်းရှိနေပြီဖြစ်ကြောင်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။