ဗန်းမောက်အနောက်ပိုင်းတိုက်ပွဲမှာအရပ်သားအမျိုးသမီးတစ်ဦးလက်နက်ကျည်ထိမှန်ထား

နိုဝင်ဘာ ၁၀ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်အနောက်ပိုင်းတိုက်ပွဲမှာ အသက် ၂၀ အရွယ် အရပ်သား အမျိုးသမီးငယ်တစ်ဦး လက်နက် ထိမှန်ထားတယ်လို့ ကျေးရွာဒေသခံအမျိုးသမီးတစ်ဦး၏ ပြောဆိုချက်အရ သိရှိရပါတယ်။

ဗန်းမောက်အနောက်ပိုင်းဒေသဖြစ်တဲ့ ပင်းဟင်းခါး-သာယာကုန်းကျေးရွာအနီး တပ်စွဲထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တော်လှန်ရေးအင်အားစုများက ကျေးရွာ အနောက်ဘက် တောတွင်းတစ်နေရာကနေ ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ လှမ်းပစ်ရာကနေ နှစ်ဖက်အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

“ တစ်ယောက်ပဲ  ထိထားတာက မိန်းကလေး အပျိုလေး ၁၉ နှစ် ၂၀ နှစ် ဝန်းကျင်ပဲ ရှိသေးတယ်”  လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပြပါတယ်။ 

တော်လှန်ရေးအင်အားစုများက ကျေးရွာအနောက်ပိုင်း တောတွင်းတစ်နေရာကနေ လှမ်းပစ်ခဲ့တဲ့  လက်နက်တွေက ကျေးရွာအတွင်းကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့ပြီး နေအိမ်အချို့နှင့် အရပ်သားတစ်ချို့ ထိခိုက်မှု ရှိခဲ့တယ်လည်း အဆိုပါ အမျိုးသမီးတစ်ဦးက ထပ်မံ ပြောဆိုခဲ့ပါတယ်။ 

“ ရွာအနောက်ပိုင်းမှာ တောထဲကနေ ပစ်ခဲ့ကြတာ။ ရွာထဲမှာတွေလည်း လာကျကုန်ပြီ။ တစ်ချို့လည်း လူကို ထိတဲ့ဟာထိတယ်။ တစ်ချို့ကလည်း အိမ်အစွန်လေးတွေမှာ လာထိတယ် ဟိုအဖွဲ့တွေ ပစ်ခဲ့တဲ့ဟာ။”

လက်ရှိအချိန်က ကောက်ရိတ်သိမ်းချိန်ကာလဖြစ်သည့်အတွက် အဆိုပါတိုက်ပွဲကြောင့် လယ်ယာလုပ်ငန်းခွင်ဝင်ဖို့ ဒေသခံတောင်သူလယ်သမားတွေအနေနဲ့ အခက်တွေနေကြတာကို ယခုလို ရှင်းပြခဲ့ပါတယ်။

“ စပါး သွားရိတ်ဖို့ မပြောနဲ့ဦး။ ဒုန်း ဒုန်း ဒိုင်း ဒိုင်းနဲ့ဆိုတော့ အိမ်ထဲကနေတောင် မထွက်ရဲတော့ဘူး။ ကျွဲတွေ နွားတွေလည်း အစာရေစာတွေ ငတ်ကုန်ပြီ။ တစ်ချို့က လယ်တောတဲမှာ ချည်ထားကြတော့ မသွားရဲပဲ ဖြစ်ကုန်ပြီလေ။ ထမင်းစားသောက်ဖို့မပြောနဲ့ဦး နားတွေလည်း မီးကျနေတာပဲ ပူထူကုန်ပြီ။”

ယနေ့ နိုဝင်ဘာလ တစ်ရက်တည်းမှာတင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တပ်စွဲထားတဲ့ ပင်ဟင်းခါး-သာယာကုန်း၊ ကြောင်လည်၊ ပင်းခါး၊ နှင့် ဝှေပုံ စတဲ့နေရာတွေမှာ တော်လှန်ရေးအင်အားစုတွေက သွားရောက်ပြီး စတင်တိုက်ခိုက်နေကြတာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *