
ဇွန်၂၀၊ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်-အင်းတော်လမ်းပိုင်းမှာ တော်လှန်ရေး အင်အားစုများက ကုန်ပစ္စည်းများ ( တန်းဖိုး ကျပ်သိန်း ၁၄၀၀ ကျော် ) ဖမ်းဆီးထားတယ်လို့ ဗန်းမောက်ဒေသခံ ကုန်သည်တစ်ဦးဆီကနေ သိရှိရပါတယ်။
ဗန်းမောက်-အင်းတော်သွားလမ်းပိုင်းပေါ်ရှိ တုံစီတံတားကို တော်လှန်ရေးအင်အားစုများက မိုင်းခွဲဖျက်ဆီးပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
“ ဗန်းမောက်နှင့် အင်းတော်ကြားမှာ အဖမ်းခံထားရတယ်လေ ။ ဘက်ဟိုးယန္တရားပစ္စည်းရောင်းတဲ့ ဆိုင်ဆိုလို့ရှိရင် သူက ဟိုက ရှိတယ်ကွာ သိန်းကိုးရာလောက်ရှိတယ် အဖမ်းခံရတာ၊ ပြီးကျတော့ ဦးမင်းဇင်ညီလေ ကုန်စုံဆိုင်ရောင်းတဲ့ဟာလေ အဲ့ဒါက သိန်းလေးရာလောက် အဖမ်းခံရတယ်တဲ့။ အဲ့ဒါပြီးတော့ ဦးသိန်းလွင်က သိန်းတစ်ရာကျော် အဖမ်းခံရတယ်တဲ့၊ အကယ်ဒမီဖုန်းဆိုင်ကကျတော့ သိန်းခြောက်ဆယ် ခုနှစ်ဆယ်လောက် အဖမ်းခံရတယ်တဲ့ ဖုန်းပစ္စည်းတွေ” လို့ ဒေသခံ ကုန်သည်တစ်ဦးက ပြောပြပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က ကုန်ပစ္စည်းဖမ်းတာတွေဟာ ဇွန်လ ၁၈ နှင့် ၁၉ ရက် တို့မှာ နှစ်ရက်ဆက်တိုက် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးရတဲ့ အကြောင်းအရင်းကို မသိရှိဘူးလို့ ဆိုကြပါတယ်။
“ နှစ်ရက်ဆက်တိုက် ဖမ်းထားတာကြီးကို။ ဈေးထဲကတွေလည်း တော်တော်များများ အဖမ်းခံရတယ်။ ငါး တို့ ဘာတို့ ညာတို့ဆိုလည်း ငါးသည်တွေဆိုလည်း ခြောက်သိန်းဖိုး အဲ့လိုမျိုးတွေ အဖမ်းခံရတယ်တဲ့ သူတို့က ” လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။
ကုန်သည်များ၏ ကုန်ပစ္စည်း အဖမ်းခံရတာဟာ ကုန်သည်အချင်းချင်းကြား အပြန်အလှန်တိုင်ကြားမှုတွေကြောင့်လို့ ဒေသခံ ကုန်သည်တွေကြား ပြောဆိုမှုတွေလည်းရှိနေပါတယ်။
တော်လှန်ရေးအင်အားစုများက ဗန်းမောက်မြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ ကုန်စည်လမ်းကြောင်းများကို လွန်ခဲ့တဲ့ မေလက စတင်ပိတ်ပင်တားဆီးခဲ့ပြီး ကုန်စည်တင်သွင်းတဲ့ ကုန်သည်ပစ္စည်းများကိုလည်း အပြည့်အဝ တင်ဆောင်ခွင့်မပေးဘဲ ပစ္စည်းရဲ့ သုံးပုံ နှစ်ပုံကို တော်လှန်ရေးအင်အားစုများ၏ စစ်ဆေးရေးဂိတ်တွင်သာ ချထားရပြီး တစ်ပုံကိုသာ တင်ဆောင်ခွင့် ရကြတယ်လို့ သိရှိရပါတယ်။