
ဇန်နဝါရီလ၊ ၁၆၊ ၂၀၂၆
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA နဲ့ PDF ပူးပေါင်းတပ်များက စစ်ရေးအင်အားမြှင့်တင်ကာ တစ်ကျော့ပြန် ထိုးစစ်ဆင်နေပြီး စစ်တပ်ရဲ့ တပ်ရင်းရှေ့ကာကင်းနေရတွေမှာ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် စစ်ရေးမြင့်တက်မှုတွေ ပြုလုပ်ခဲ့ပြီး စကခ(၂၁)၊ ခလရ(၄၇) တပ်ရင်းနှင့် ထောက်ပို့တပ်ရင်း (၉၃၃) စတဲ့နေရာတွေမှာ တိုက်ပွဲများ ဖြစ်ပွားနေလို့ဆိုပါတယ်။
“ ထူးထူးထွေထွေတော့သိပ်မကြားမိပါဘူး။ သူတို့ (KIA+PDF) ကတော့ နားလိုက်ပြန်တိုက်လိုက် လုပ်တာပေါ့ အားယူယူပြီးမှ ပြန်တိုက်တဲ့သဘောမျိုးပါ” လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲတွေဟာ တစ်နေရာတည်းဖြစ်ပွားနေတာမဟုတ်ဘဲ ဗန်းမော်မြို့အနီးက စစ်ရေးအရေးပါတဲ့ နေရာများတွင် ဆက်တိုက်ဖြစ်ပွားနေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သတင်ဌာနတွေကို ပြောကြားထားပါတယ်။
အထူးသဖြင့် စစ်တပ်အခိုင်အမာနေရာယူထားတဲ့ စကခ(၂၁) နှင့် ခလရ(၄၇) တပ်ရင်းများတွင် နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေပြီး ထောက်ပို့တပ်ရင်း(၉၃၃) ကိုလည်း KIA နှင့် ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်နေ တယ်လို့သိရပါတယ်။
“ ခလရ (၄၇) ကတော့ မန္တလေးဘက်ကိုလာတဲ့ အထွက်လမ်းဘက်ရောက်တာပေါ့ (၉၃၃) ကတော့ကျနော်လည်း မသိရဘူး အဓိကတော့ မြစ်ကြီးနားဘက်သွားတဲ့ မိုးမောက်ဘက်ကိုထွက်တဲ့ လမ်းကြောပေါ်မှာရှိတယ်။ ကျနော်တော့ ထိုးစစ်ဆင်တယ်ဆိုတာ ဒီလိုပဲ စစ်တပ်သိမ်းထားပြီးရင် ရှေ့မတိုးရင်တော့ သူတို့က ပြန်လာတိုက်ရင် ထိုးစစ်ဆင်တယ်ပြောတာပဲ စစ်မြေပြင်ဆို့တဲ့ဟာက ဒီလိုပဲ သူအသာရတဲ့အခါသူယူလိုက် ကိုယ်အသာရတဲ့အခါ ကိုယ်ယူလိုက်ဖြစ်တဲ့အချိန်မှာ သူတို့က အခုနောက်ပိုင်းမှာ ပြန်ဆုတ်ထားရပြီး အခုတစ်ခါပြန်လာတိုက်ရတဲ့သဘောပါ လို့” ဒေသခံတစ်ဦးက ပြောပြပါတယ်။
ထောက်ပို့တပ်ရင်း(၉၃၃) သည် ဗန်းမော်–မိုးမောက်သွားလမ်း မိုင်(၄) နှင့် မိုင်(၅) ကြားတွင် တည်ရှိနေပြီး လည်းကောင်းလမ်းပိုင်းများတွင်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဗန်းမော်မြို့ကို KIA+PDF ပူးပေါင်းတပ်တွေဟာ မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေတာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး မြို့ပေါ်ဒေသခံအားလုံး ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရဆဲအခြေအနေလည်းဖြစ်ပါတယ်။
