မတ် ၂၉ ၊ ဗန်းမော်
ဗန်းမော်မြို့၊ မင်းကျောင်းကုန်းရပ်ကွက်တွင် မနေ့က မတ်လ(၂၈)ရက်နေ့ ည (၁၁)နာရီ(၄၆)မိနစ် အချိိန်မှာ KIA+PDFတပ်ဖွဲ့များ ပစ်ခတ်တဲ့ ရှော့တိုက်ဒုန်းကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်တွင်းနေထိုင်သူများထံမှ သိရပါတယ်။
“ လူကဘာမှမဖြစ်ဘူး ခြံဝင်းမှာကျတော့ခြံဝင်းပြင်တွေပျက်သွားတယ် အေ့နားမှာရှိတဲ့ ကြောင်တစ်ကောင်ဆို ခေါင်းတစ်ခြားကိုယ်တစ်ခြားဖြစ်သွားတယ်ကော အိမ်နားမှာ အကျယ်ကြီးကွာ အိမ်ပေါ်မှာ အဆာပလာတွေလာစင်ကျတယ် သစ်တိုသစ်စတွေမြေစတွေလေ’ ဟု ရှော့တိုက်ဒုန်းကျရောက်ခဲ့တဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတစ်ဦးက ပြောပြပါတယ်။
ရပ်ကွက်ရှိ စစ်ကောင်စီဗျူဟာကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဧရာဝတီမြစ်တစ်ဖက်ကမ်းကနေ ရှော့တိုက်ဒုန်းဖြင့် ဦးတည်ပစ်ခတ်တိုက်ခိုက်တာဖြစ်ပြီး ရှော့တိုက်ဒုန်းတွေက ဗျူဟာအနီးရှိ လူနေအိမ်ခြံဝင်းတွင်း (၁)လုံးနှင့် လမ်းမပေါ်သို့(၁)လုံး စုစုပေါင်း(၂)လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပါတယ်။
အဲ့သလို ရှော့တိုက်ဒုန်းကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်အတွင်းရှိ ရေချိုးကန်အမိုးခင်းထားတဲ့ အာစီပေါက်ထွက်ခဲ့ပြီး ခြံဝင်းအတွင်းနဲ့ လမ်းမကြီးအနည်းငယ်ပျက်စီးမှုများရှိခဲ့ကာ ဒေသခံထိခိုက်မှုများကတော့ မရှိဘူးလို့ ဆိုပါတယ်။
ဗန်းမော်မြို့ရဲ့ စစ်ကောင်စီအမြောက်တပ်ကနေလည်း ညတိုင်းလက်နက်ကြီးပစ်ခတ်မှုများရှိနေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် နေအိမ်ထိခိုက်မှုများနဲ့ ဒေသခံထိခိုက်မှုများအပြင် သေဆုံးမှုများလည်း မကြာခနဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
ဗန်းမော်မြို့ကနေ လွယ်ဂျယ်သို့သွားတဲ့လမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့များနဲ့ ပူးပေါင်းတပ်ဖွဲ့များတို့ တိုက်ပွဲဖြစ်ပွားနေတာ သုံးရက်ခန့်ကြာမြင့်နေပြီဖြစ်ပြီး ခရီးသွားကားများလည်းပိတ်မိနေတယ်လို့ သိရပါတယ်။