ဗန်းမော်မြို့မှာ လျှပ်စစ်မီးပြတ်တောက်နေမှု တစ်လနီးပါးရှိလာပြီ

ဗန်းမော်မြို့မှာ ဇွန်လအစပိုင်းကနေ လျှပ်စစ်မီးပြတ်တောက်နေမှုဟာ တစ်လနီးပါးရှိလာပြီဖြစ်တယ်လို့ မြို့တွင်းနေထိုင်သူ ဒေသခံများထံကနေ သိရပါတယ်။

“ တာပိန်ပျက်ပြီးတဲ့နောက်မှာ မဟာဓာတ်အားကယူထားတယ် မဟာဓာတ်အားလိုင်းကလည်း ရွှေဘိုနဲ့ဝက်လက်နဲ့ကြားမှာ ပျက်တဲ့အခါကျတော့ မရတာတစ်လနီးပါး သုံးပတ်ကျော်ကျော်လောက်ရှိပြီ’ လို့ ဗန်းမော်မြို့ခံတစ်ဦးက ရှမ်းနီအသံကို အခုလိုပြောပြပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲမဖြစ်ပွားသေးမီကာလအစောပိုင်းတွေမှာ တာပိန်မြစ်ရေရဲ့ ရေအားလျှပ်စစ်စက်ရုံကနေ ဗန်းမော်ခရိုင်တစ်ခုလုံးကို (၂၄)နာရီ ဓာတ်အားပေးဝေခဲ့တာလည်းဖြစ်ပါတယ်။

မတ်လအစပိုင်းကနေစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ကာ မိုးမောက်မြို့ကိုထိန်းချုပ်နိုင်ပြီးတဲ့နောက်ပိုင်းမှာ တာပိန်မြစ်ရေမှ လျှပ်စစ်ဓာတ်အားရရှိမှု တစ်နယ်လုံးဖြတ်တောက်ခံခဲ့ရပြီး မဟာဓာတ်အားလိုင်းကနေ တစ်ရက်ကို (၂၁)နာရီ ဆက်လက်ရရှိသုံးစွဲနိုင်ခဲ့ပါသေးတယ်။

လျှပ်စစ်မီးပြတ်တောက်မှု ကြာမြင့်လာတာကြောင့် ရေရရှိနိုင်ဖို့အတွက် မီးစက်ဝယ်ယူပြီး အသုံးပြုရတာ ၊ တခြား မီးစက်ငှားရမ်းပြီး ရေတင်တာတွေပြုလုပ်နေကြရတယ်လို့သိရပါတယ်။

ဒီလထဲမှာတော့ မဟာဓာတ်အားလိုင်းကနေလည်း ဗန်းမော်မြို့နဲ့ဒေသတစ်ခုလုံး လျှပ်စစ်မီးမရရှိတာ တစ်လနီးပါးရှိလာပြီဖြစ်တာကြောင့် မီးသွေးတစ်အိတ်ကို (၁၆၀၀၀) ကျပ် ၊ (၆)ကောင်အားရှိတဲ့မီးစက်အသေးတစ်လုံးကို (၁၀)သိန်းကျပ်ကျော်ဖြင့် စျေးကြီးပေးဝယ်ယူနေကြရတယ်လို့လည်း ဆိုကြပါတယ်။

ဒါ့အပြင် ဆက်သွယ်ရေးအတွက် ဖုန်းအားများကိုလည်း အခကြေးငွေပေးပြီး သွင်းနေရသလို ၊ Wifi အင်တာနက်လိုင်းများလည်း ပြတ်တောက်မှုတွေရှိနေကြောင်း သိရှိရပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့အတူ ပူပြင်းတဲ့ ရာသီဥတုတွေကြောင့်လည်း လူထုတွေ ဆက်လက်ဒုက္ခရောက်ကြတယ်လို့ ဗန်းမော်ဒေသခံတွေက ဆိုကြပါတယ်။

“ မီးကမရ တော့ ပန်ကာမရ Aircon မရဆိုတော့ ပူတာအိုက်တာနဲ့ လူတွေကိုငရဲထဲရောက်နေတာနဲ့အတူတူပါပဲ တကယ်လောက ငရဲဆိုတာအ ခုမှအစစ်ပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *