နိုဝင်ဘာ ၁၈ ၊ တမူး
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲ ဝင်ရောက်စစ်ဘေးရှောင်ခဲ့သူတွေကို အိန္ဒိယအစိုးရက လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ အပြီးသတ်ပြန်ပို့သွားမယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေထံကနေ သိရပါတယ်။
“ ဒါအလွန်ဝမ်းနည်းစရာကောင်းတဲ့ အစိုးရဆုံးဖြတ်ချက်ပါပဲ။ ဒုက္ခသည်တွေကို စစ်ကောင်စီလက်ထဲအပ်လိုက်မယ်လို့ ခံစားမိတယ် ၊ မတ်လ ၂၀၂၅ နောက်ဆုံးထားပြီး အစိုးရရဲ့ စီမံချက်အတိုင်း အားလုံးပြန်ရမယ်။ ” လို့ မဏိပူရ်ပြည်နယ် အတွင်းရှိ ရှမ်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်က ပြောပါတယ်။
အခုလို မဏိပူရ်ပြည်နယ် အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်မသိရသေးပေမယ့် ထိုပြည်နယ် ဝန်ကြီးချုပ်က စစ်ဘေးရှောင်များ နေရပ်ပြန်ရေးအတွက် အမြဲပြောဆိုနေသလို လုပ်ဆောင်မှုတွေလည်းရှိနေပါတယ်။
မဏိပူရ်ပြည်နယ်အတွင်းမှာ ကူကီး နဲ့ ကသည်း လူမျိုးစုတို့ကြား လူမျိုးရေးဆိုင်ရာပဋိပက္ခတွေဟာ မငြိမ်းသတ်သေးဘဲ ဆက်လက်ဖြစ်ပွားနေဆဲအခြေအနေတွေကြောင့် စစ်ဘေးရှောင်တွေကို နေရပ်ပြန်ရေး ဗဟိုအစိုးရကလည်း အလျင်စလိုပြုလုပ်တာဖြစ်နိုင်ကြောင်း သူက ဆက်ပြောပါတယ်။
မြန်မာ-အိန္ဒိယ နယ်စပ် မဏိပူရ်ပြည်နယ်အတွင်းမှာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် မေလအထိ တရားမဝင် ဝင်ရောက်နေထိုင်သူ ငါးထောင်ကျော်ရှိခဲ့ပြီး နေရပ်ပြန်ပို့ရေးလုပ်ဆောင်နေတယ်လို့ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် N Biren Singh ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့မှာ ပြောဆိုထားပါတယ်။
မဏိပူရ်ပြည်နယ် ကမ်ဂျွန်ခရိုင်အတွင်းမှာ တရားမဝင် ရွေ့ပြောင်းနေထိုင်သူ ၅၄၅၇ ဦးကို စီစစ်တွေ့ရှိခဲ့ရပြီး ပြည်နှင်ဒဏ်ပေးရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်နေဆဲဖြစ်တယ်လို့ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် N Biren Singh က သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုပါတယ်။
မေ ၂ ရက်ကလည်း မဏိပူရ်ပြည်နယ် ၊ အင်ဖာအကျဥ်ထောင်မှာ အကျဥ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား တချို့ကို မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဖြစ်တဲ့ မိုးရေး – တမူး အင်ဒို – မြန်မာ နယ်စပ်ဂိတ်မှာ အိန္ဒိယက လွဲပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံအတွင်းကို တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်သူ ငါးထောင်ကျော်ရှိပြီး အဲ့ထဲမှာ ရှမ်းနီ စစ်ဘေးတိမ်းရှောင်သူ သုံးထောင်နီးပါးရှိနေတာလည်းဖြစ်ပါတယ်။
တမူးမြို့နယ်အတွင်း သနန်ကျေးရွာ ၊ စိုးသာယာ ၊ အောင်ဇေယျကျေးရွာအတွင်း နေထိုင်ကြတဲ့ ရှမ်းနီတိုင်းရင်းသားတွေဟာ စစ်ကောင်စီတပ် နဲ့ ကူးကီး+ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲကြောင့် အိန္ဒိယနိုင်ငံဘက်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက ထွက်ပြေးခိုလှုံခဲ့ကြရတာလည်းဖြစ်ပါတယ်။