“ မမြင်ရသည့်ရန်သူ” ဖြစ်သည့်မိုင်းနဲ့ပေါက်ကွဲစေတတ်တဲ့ပစ္စည်းများဘေးအန္တရာယ်ကိုဘယ်လိုကာကွယ်ကြမလဲ”

မြန်မာနိုင်ငံအတွင်းတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစတင်ပြီး ပဋိပက္ခနယ်မြေများပိုမိုကျယ်ပြန့်လာနေသည်။ နိုင်ငံအတွင်းရှိ မြို့ပေါင်း ၃၃၀ တွင် ပဋိပက္ခဖြစ်ပွားနေသည့် မြို့နယ် ၂၀၀ ကျော်ရှိခြင်းကြောင့် တိုင်းပြည်၏ သုံးပုံတစ်ပုံတွင် ပဋိပက္ခမျိုးစုံဖြစ်ပွားနေဟုဆိုနိုင်ပေသည်။ ထိုပဋိပက္ခများ နေရာအနှံ့အပြားတွင်ဖြစ်ပွားလာခြင်းကြောင့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်း၊ ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ၏ အန္တရာယ်များသည်လည်း အထူးသတိထားရမည့် အခြေအနေတစ်ခုဖြစ်လာသည်။  ၂၀၂၁ ခုနှစ် ကနေ ၂၀၂၅ ခုနှစ်အတွင်း ရရှိထားတဲ့ အချက်အလက်တွေအရ တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ နေရာများ၊ ကျေးရွာလမ်းများ၊ စိုက်ခင်းများ၊ ဒေသခံများမှီခိုနေရသည့် တောတောင်များတွင်  မြေမြှုပ်မိုင်းနှင့်အခြားပေါက်ကွဲစေတတ်သောပစ္စည်းတွေကြောင့် ထိခိုက်မှုနူန်း မြင့်တက်လာတာကို ဝမ်းနည်းဖွယ် တွေ့ရှိရသည်။ Landmine Monitor Group အဖွဲ့၏ စာရင်းများအရ မြန်မာနိုင်ငံတွင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တွင် လူပေါင်း နှစ်ထောင်ကျော်သည် မိုင်းနဲ့ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ၏ ဘေးအန္တရာယ်များသင့်ခဲ့သည်။ ထိခိုက်သူအများစု၏ အချက်အလက်များအရလည်း အရပ်သားများ ၊ ကလေးသူငယ်များ အဓိကပါဝင်နေခြင်းဖြစ်သည်။ လတ်တလော ၂၀၂၅ ခုနှစ်တွင်လည်း ထိခိုက်မှုအခြေအနေများက မြင့်တက်နေဆဲဖြစ်သည်။ 

မိုင်းနှင့်ပေါက်ကွဲစေတတ်သည့်ပစ္စည်းများအန္တရာယ်၏ သင်္ခန်းစာယူဖွယ်ဖြစ်ရပ် တချို့ကို တင်ပြပေးပါမည်။ 

နေရပ်ပြန်သူများ၏အန္တရာယ် တိုက်ပွဲရှောင်ရာမှ ရွာကိုပြန်လာသည့်အခါ ခြံဝင်းထဲ၊ အိမ်ထဲ (သို့မဟုတ်) ရွာလမ်းတွေမှာ ထောင်ထားတဲ့ မိုင်းများကို မသိဘဲ နင်းမိခြင်းများ၊ ကလေးသူငယ်များက မြေကြီးပေါ်ကျနေတဲ့ လက်နက်၊ ကျည်ဆန်၊ မိုင်းဟောင်းတွေကို အရုပ်မှတ်ထင်ပြီး ကောက်ဆော့ရာကနေ ပေါက်ကွဲခြင်း (ဥပမာ – ဘက်ထရီအိုးဟောင်းပုံစံ၊ ရောင်စုံပလတ်စတစ်ဘူးပုံစံ ပစ္စည်းများ)နှင့် တောင်သူတွေ လယ်ထဲဆင်းတဲ့အခါ၊ ထင်းခွေ ၊ ဝါးခုတ်သွားသည့်အခါ ချုံပုတ်တွေကြားတွင်ရှိနေသည့် မိုင်းများကို နင်းမိခြင်းတို့ဖြစ်သည်။ 

ထိုသို့ မတော်တဆထိခိုက်မှုများ မဖြစ်ပေါ်လာစေရေး “ မမြင်နိုင်သည့် ရန်သူ” ကို ကာကွယ်နိုင်မည့် နည်းလမ်းများအကြောင်းကို တင်ပြပေးပါမည်။ ကိုယ့်အသက်၊ ကိုယ့်မိသားစုအသက်ကို ကာကွယ်နိုင်ဖို့ ဒီအချက်တွေကို မဖြစ်မနေ သိထားဖို့ လိုအပ်ပါသည်။ မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများသည်  မျက်စိနဲ့ ကြည့်ရုံနဲ့ ခွဲခြားရ ခက်ခဲသည်။  ဒါကြောင့် အောက်ပါအချက်တွေကို တိတိကျကျ လိုက်နာပါ။

၁။မသိရင်မထိပါနှင့်။။လမ်းဘေး၊ ချုံပုတ်၊ အိမ်ပျက်တွေကြားမှာ ကျနေသည့်  မည်သည့် ပစ္စည်းကိုမဆို (သံတိုသံစ၊ ဝါယာကြိုး၊ ဘက်ထရီ၊ ပလပ်စတစ်ဘူး နှင့် အခြား မူမမှန်သောပစ္စည်းများ)  လုံးဝ (လုံးဝ) မကိုင်ပါနဲ့။ နေရာမရွှေ့ပါနှင့်။ 

၂။လမ်းဟောင်းအတိုင်းသာသွားပါ။။လူသွားလူလာပြတ်နေသည့် လမ်းတွေ၊ ချုံနွယ်ပိတ်ပေါင်း ထူထပ်နေသည့် နေရာများကို  ဖြတ်လမ်းဆိုပြီး မသွားပါနဲ့။ လူအများသွားလာနေကျ လမ်းကြောင်းအတိုင်းသာ သွားပါ။

၃။ မိုင်းရှိနေနိုင်တဲ့နေရာတွေကိုရှောင်ပါ။။တပ်စခန်းဟောင်းများ၊ တိုက်ပွဲဖြစ်ပွားခဲ့ဖူးသော နေရာများ၊ ပျက်စီးနေသော အဆောက်အအုံများအနီးသို့ မသွားပါနှင့်။ 

၄။ မီးမရှို့ပါနှင့်။။မရှင်းလင်းထားသည့် နေရာ၊ မြေမြှုပ်မိုင်းနှင့်အခြားပေါက်ကွဲစေနိုင်သောပစ္စည်းများ ရှိနိုင်ကြောင်း သံသယရှိသည့် နေရာများမှာ ခြုံနွယ်ရှင်းလင်းရေးအတွက် မီးရှို့ခြင်း မပြုလုပ်ပါနဲ့။ အပူချိန်ကြောင့် မြေအောက်က မိုင်းတွေ ပေါက်ကွဲနိုင်ပါသည်။ 

၄။ ပစ်ပေါက်ခြင်း၊ထုရိုက်ခြင်းမလုပ်ပါနဲ့ မသင်္ကာစရာ ပစ္စည်းတစ်ခုခုကိုတွေ့ခဲ့သော် ခဲနဲ့ပစ်တာ၊ တုတ်နဲ့ထိုးတာမျိုး လုံးဝ မလုပ်ရပါ။

မိုင်းနှင့်ပေါက်ကွဲစေတတ်သည့်ပစ္စည်းများကို တွေ့ရှိပါက“ ဆောင်ရန်” အတွက် အောက်ပါအချက်များကိုချက်ခြင်းလုပ်ဆောင်ပါ။  

•          ရပ်လိုက်ပါ (STOP): တွေ့တွေ့ချင်း ချက်ချင်းရပ်လိုက်ပါ။ ရှေ့ဆက်မတိုးပါနဲ့။ နောက်ကိုလည်း ချက်ချင်း လှည့်မပြေးပါနဲ့။

•          ငြိမ်ငြိမ်နေပါ: စိတ်ကို တည်ငြိမ်အောင်ထားပါ။ အနီးအနားမှာ တခြားမိုင်းတွေ ရှိနေနိုင်ပါတယ်။

•          သတိပေးပါ : ကိုယ့်အနီးအနားမှာ တခြားလူတွေရှိရင် “မလာနဲ့၊ မိုင်းရှိတယ်” လို့ သတိပေးပါ။

•          အမှတ်အသားပြုလုပ်ပါ: အန္တရာယ်ကင်းသည့်နေရာရောက်မှသာအမှတ်အသားပြုလုပ်သင့်ပါသည်။ ခပ်လှမ်းလှမ်းနေရာ (မိမိရပ်နေသော နေရာအနီး) မှာ အနီရောင်အစ (သို့မဟုတ်) သစ်ကိုင်းခြောက် စသဖြင့် အဝေးကမြင်နိုင်မယ့် အမှတ်အသားတစ်ခုခု လုပ်ထားပါ။ (မိုင်းနားသွားပြုလုပ်ရန်မဟုတ်ပါ)။

•          ပြန်လှည့်ပါ: မိမိ လာခဲ့တဲ့ လမ်းကြောင်းအတိုင်း (ခြေရာအတိုင်း) ဖြည်းဖြည်းချင်း ပြန်ဆုတ်ပါ။

•          သတင်းပို့ပါ (REPORT): နီးစပ်ရာ ရပ်ရွာလူကြီး၊ တာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေကို ချက်ချင်း အကြောင်းကြားပါ။ 

•           

မိုင်းသည်မျက်လုံးမပါပေ

 စစ်သားလား၊ အရပ်သားလား၊ ကလေးလား၊ လူကြီးလား မခွဲခြားပါဘူး။ နင်းမိသူ၊ ထိမိသူတိုင်းကို ဒုက္ခပေးတတ်သလို အသက်အန္တရာယ်များကိုလည်း ခြိမ်းခြောက်နိုင်ပါသည်။  ဒါကြောင့် ၂၀၂၅ ခုနှစ်လို ကာလမျိုးမှာ မိမိကိုယ်တိုင်ရော၊ မိမိပတ်ဝန်းကျင်ကိုပါ အသိပညာဖြန့်ဝေပြီး မလိုအပ်တဲ့ အသက်အန္တရာယ်၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတွေကနေ ကာကွယ်ကြပါစို့။

“ မမြင်ရသည့် ရန်သူ” ကို ရှောင်ရှားနိုင်ရေး “ခြေတစ်လှမ်းတိုင်းမှာ သတိထားပါ” 

Leave a Reply

Your email address will not be published. Required fields are marked *