
မတ်၂၆၊မိုးညှင်း
မိုးညှင်းမြို့ပေါ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို စစ်တပ်က ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ နှစ်ဦးကျဆုံးခဲ့ပါတယ်။
ကျဆုံးသူတွေက မြစ်ကြီးနားနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံဖြစ်တဲ့ ကိုစိုင်းနိုင်ထွန်း နဲ့ မိုးညှင်းဒေသခံ ဦးဝင်းဆွေတို့နှစ်ဦးဖြစ်ပါတယ်။
မိုးညှင်းမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်သူတွေကို စစ်တပ်နဲ့ ရဲတွေက ပိတ်ဆို့ဖမ်းဆီးပြီးနောက် နေ့လည်ပိုင်းမှာ ဖမ်းဆီးခံရသူတွေပြန်လွှတ်ပေးဖို့ လူငယ်နဲ့ ဒေသခံတွေက သွားရောက်တောင်းဆိုရာမှာ စစ်တပ်က ပစ်ခတ်ဖြိုခွင်းမှုတွေပြုလုပ်ခဲ့တာကြောင့် ဦးဝင်းဆွေ ဝမ်းပိုက်မှာ ထိမှန်ခဲ့ပြီးနောက် ကျဆုံးခဲ့ပါတယ်။
သွားရောက်တောင်းဆိုတဲ့ထဲပါဝင်တဲ့ ကိုစိုးနိုင်ထွန်းကိုတော့ စစ်တပ်က မိုးဒါးစုတံတားအောက်မှာ တွေ့ပြီး သေနတ်နဲ့ ဦးခေါင်းကို တေ့ပစ်ခဲ့ပြီးနောက် ညပိုင်း ၈ နာရီကျော်မှ ကိုစိုးနိုင်ထွန်းဖြစ်မှန်းအတည်ပြုနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ကိုစိုးနိုင်ထွန်းကျဆုံးခြင်းအတွက် မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုစိုးနိုင်ထွန်း အပါအဝင် နွေဦးတော်လှန်ရေးအတွက် အသက်သွေးချွေး ပေးဆပ်ခဲ့ကြတဲ့ သူရဲကောင်းတို့နဲ့ပြည်သူတွေလိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးကို ကြိုးစားဆောင်ရွက်သွားမယ်လို့ ဒီနေ့မတ်လ ၂၅ ရက်နေ့မှာ သဝဏ်လွှာပေးပို့ထားပါတယ်။