ဇူလိုင် ၁၄ ၊ မိုးညှင်း
မိုးညှင်းမြို့ပေါ်ရပ်ကွက်တွေမှာ အမည်မသိ သူစိမ်းများက နေအိမ်တွေမှာ အလှူလိုက်ခံနေကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ အောင်သပြေရပ်ကွက်ရှိ နေအိမ်တိုင်းနီးပါးကို အင်္ကျီအဖြူ နဲ့ ပုဆိုးဝတ်ထားတဲ့ လူလတ်ပိုင်း အမျိုးသားနှစ်ဦးဟာ အကြောင်းအရင်းမပြောပဲ အလှူလိုက်ခံတာတွေပြုလုပ်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတွေဆီကနေသိရပါတယ်။
“လူနစ်ယောက် အိမ်ရှေ့လာပြီးရက်ကွက်တခုလုံးအလှုလိုက်ခံနေတာ။ ဘာအတွက်အလှုခံတာလဲမပြောဘူး ပုံစံက မိုးညှင်းသားပုံစံတွေမဟုတ်ဘူး အီကျီတီရှုပ်နဲ့ပုဆိုးနဲ့ ရှေ့သုံးလလောက်ကလဲ လူလေးယောက်အခုလိုအလှူလာခံသေးတယ်” လို့ ကိုယ်တိုင်ကြုံခဲ့သူတစ်ဦးက ပြောပြပါတယ်။
၎င်းတို့ အလှူလာခံတာကို အိမ်အများစုက တံခါးမဖွင့်ပေးရဲကြပဲ အိမ်အတွင်းကနေသာ ပိုက်ဆံတွေထည့်ပေးလိုက်ကြတာဖြစ်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း သူစိမ်းအမျိုးသားတစ်စု ရောက်လာခဲ့ပြီး ဝိုင်းမော်မြို့နယ်အတွင်း ဘုရားတည်ဖို့အတွက်လို့ပြောဆို အလှူခံခဲ့ကြတာလို့ စုံစမ်းသိရပါတယ်။
လက်ရှိနိုင်ငံရေး ပဋိပက္ခများကြောင့် ဘုရားတည်ဖို့အတွက်အပါအဝင် အလှူငွေကောက်ခံမှုတွေ မရှိတာဟာ နှစ်နှစ်နီးပါးကြာမြင့်နေပြီး အခုလိုလာရောက်မှုဟာ ထူးဆန်းမှုဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။
မိုးညှင်းမြို့ရှောင်လမ်းမှာလည်း အမည်မသိလူတစ်စုက ဖြတ်သန်းသွားလာသည့် ယာဉ်တွေဆီကနေ ငွေကြောင်းတောင်းခံမှုတွေလည်း ယခုရက်ပိုင်းအတွင်း ပြုလုပ်နေကြတယ်လို့ မြို့ရှောင်လမ်းအနီးနေထိုင်သူတွေဆီက သိရပါတယ်။