မေ ၁၅ ၊ ဟုမ္မလင်း
ဒီရက်ပိုင်းမိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ဗန်းမောက် – အနောက်တော – နမ့်စက် – ဟုမ္မလင်း ကိုယ်ထူကိုယ်ထလမ်းပျက်စီးနေတယ်လို့ သိရပါတယ်။
ကိုယ်ထူကိုယ်ထလမ်းဖြစ်တာကြောင့် မြေသားလမ်းသာဖြစ်ပြီး မိုးရာသီမှာ ဒီလမ်းပိုင်းက အသုံးပြုဖို့ ခက်ခဲတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
မန္တလေး – ဟုမ္မလင်း လမ်းပိုင်းဖြစ်တဲ့ ပင်လည်ဘူးဖောင်းပြင်လမ်း ပိတ်ထားတာကြောင့် ဗန်းမောက် – ဟုမ္မလင်းက ရှမ်းနီစာယဉ်အဖွဲ့တွေ ကိုယ်ထူကိုယ်ထဖောက်ထားတဲ့ လမ်းကို အသုံးပြုနေကြရတာလည်းဖြစ်ပါတယ်။
မြေသားလမ်းပဲဖြစ်တာကြောင့် တချို့နေရာတွေမှာ ပွက်ထနေပြီး တောင်တက်တောင်ဆင်းကလည်း ခက်ခဲနေတာလည်းဖြစ်ပါတယ်။
“ ဗန်းမောက် လမ်းကအရမ်းကြမ်းတယ်ဗျာ ၊ ပင်လည်ဘူး – ဖောင်းပြင်လမ်းကြီးအမြန်ပြန်ဖွင့်ပေးစေချင်းတယ်ဗျာ ၊ ဗန်းမောက်လမ်းကတချို့ပုတ်ကုန်တွေဆို ကောင်းတာမရှိဘူးဗျာ” လို့ ခရီးသွားတစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
မိုးရွာသွန်းမှုကြောင့် လွန်ခဲ့တဲ့ ရက်တွေကလည်း ဟုမ္မလင်းကိုသွားမယ့် လိုင်းကားဆယ်နဲ့ချီ ဗန်းမောက်လမ်းဆုံမှာ ပိတ်မိနေတာလည်းဖြစ်ပါတယ်။
ဒီလမ်းပိုင်းကောင်းတယ်ဆိုရင် မန္တလေး – ဟုမ္မလင်းခရီးစဉ်ကို ကြာချိန်ကို ငါးနာရီလောက်လျှော့ချနိုင်မှာလည်းဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ် ကံကုန်းကျေးရွာကနေ ဟုမ္မလင်းမြို့နယ် နန့်စက်အထိ ၄၂ မိုင်သာရှိပြီး ပုံမှန်မောင်းချိန် ၂ နာရီဝန်းကျင်သာရှိပြီး နေ့ချင်းသွားလာလို့ရတဲ့လမ်းပိုင်းတစ်ခုလည်းဖြစ်ပါတယ်။