




ဇန်နဝါရီ ၁၃၊ မြစ်ကြီးနား
မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက် နယ်မြေ (၉) မှာ မနေ့ညက မီးလောင်ကျွမ်းမှုကြောင့် နေအိမ် (၄ )အိမ် မီးလောင်ကျွမ်းသွားတယ်လို့ လူမှုကူညီရေးအသင်းသားတစ်ဦးမှ သိရပါတယ်။
“ ၃ နာရီ ခွဲလောက်မှာစလောင်တာထင်တယ်။ ကျွန်တော်တို့သွားတော့ ပစ္စည်းတွေပြင်ဆင်တာနဲ့ဆိုတော့ ၄နာရီလောက်ဖြစ်သွားတာပေါ့ ၄ အိမ်အပြင်ကို မီးဖိုချောင်တစ်လုံးပါသေးတယ်။ သူတို့မွေးထားတဲ့ ဝက်တွေကိုတောင် မနည်းဆွဲထုတ်ခဲ့ရတာ ” လို့ သူကဆိုပါတယ်။
မနေ့က ဇန်နဝါရီလ (၁၂) ရက် ညနေ (၃) နာရီခွဲလောက် မှာဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ်တွေ အကုန်ပြာကျသွားတဲ့ အပြင်တခြားပစ္စည်းတွေလည်း မီးထဲပါသွားတယ်လို့ သိရပါတယ်။
ညနေ (၅) နာရီ အချိန်မှာ မီးသတ်အဖွဲ့ဝင်များနဲ့အတူမီးငြှိမ်းသတ်နိုင်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုတွေ မရှိဘူးလို့ ဆိုထားပါတယ်။
ဒါ့အပြင် အဆိုပါမီးလောင်မှု အကြောင်းအရင်းကိုတော့ လက်ရှိအချိန်အထိစုံစမ်းနေဆဲဖြစ်ပြီး မီးလောင်မှုထံ မီးသတ်အဖွဲ့ဝင်အသင်းသား (၁၁) ဦးသွားရောက်ကူညီခဲ့တာလို့ သိရပါတယ်။
အလားတူ တစ်ရက်တည်းမှာပဲ နမ္မတီးမြို့မစျေးအနီးမှာ ည( ၁၀) နာရီဝန်းကျင်အချိန်က နေအိမ် (၅) လုံးမီးလောင်ပျက်စီးခဲ့ပြီး (၃ )အိမ်ပြာကျပျက်စီးခဲ့ကာ (၂) အိမ်ကတော့ မီးဟပ်ထိခဲ့တယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၄) ရက်နေ့ကလည်း မြို့သစ်ကြီးရပ်ကွက်တွင် နေအိမ်အပေါ်ထပ် ရေခဲသေတ္တာ Safeguard အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုတစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။
